အင်္ဂုတ္တရနိကာယ်

၁-ဓနဝဂ်

၆-ဝိတ္ထတဓနသုတ်

၆။ ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု ‘ဟိရီ’ ဥစ္စာ၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ သိမှု ‘ပညာ’ ဥစ္စာတို့တည်း။

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ယုံကြည်၏)။

ရဟန်းတို့ ဤသည်ကို ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့စောင့်ထိန်းမှု ‘သီလ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။

ရဟန်းတို့ ဤသည်ကိုစောင့်ထိန်းမှု ‘သီလ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ရှက်မှု ‘ဟိရီ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက်မှ ရှက်တတ်၏၊ ဝစီဒုစရိုက်မှ ရှက်တတ်၏၊ မနောဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ရောက်ခြင်းမှ ရှက်တတ်၏။

ရဟန်းတို့ ဤသည်ကို ရှက်မှု ‘ဟိရီ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှု ရှိ၏၊ ကာယဒုစရိုက်မှကြောက်လန့်၏၊ ဝစီဒုစရိုက်မှ ကြောက်လန့်၏၊ မနောဒုစရိုက်မှ ကြောက်လန့်၏၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။

ရဟန်းတို့ ဤသည်ကို ကြောက်လန့်ခြင်း ‘သြတ္တပ္ပ္ပ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အကြားအမြင် ‘သုတ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကြားအမြင် များ၏၊ အကြားအမြင်ကိုဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သောမြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားတို့ကို ထိုပုဂ္ဂိုလ်သည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

ရဟန်းတို့ ဤသည်ကို အကြားအမြင်’သုတ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စွန့်ကြဲမှု’စာဂ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ဝန်တိုမှု ‘မစ္ဆရိယ’ အညစ်အကြေး ကင်းသောစိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ်စွန့်ကြဲ၏၊ ပေးအံ့ဟု ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏။

ရဟန်းတို့ ဤသည်ကို စွန့်ကြဲမှု ‘စာဂ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သိမှု ‘ပညာ’ ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏။ပ။ ဝဋ်ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသည်ကို သိမှု ‘ပညာ’ ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု, ကြောက်လန့်မှု ‘ဟိရီ သြတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ ခုနစ်ခုမြောက် သိမှု ‘ပညာ’ ဥစ္စာတို့တည်း။ အကြင်မိန်းမအား ဖြစ်စေ အကြင်ယောကျာ်းအား ဖြစ်စေ ထိုသူတော်ကောင်း ဥစ္စာတို့သည် ရှိကုန်၏၊ ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောကျာ်းကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သောသဒ္ဓါတရားကိုလည်းကောင်း၊ (သစ္စာလေးပါးတရား) ကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်းအဖန်ဖန်အားထုတ်ရာသတည်း။

ဆဋ္ဌသုတ်။