အင်္ဂုတ္တရနိကာယ်

၁၁-ရာဂပေယျာလ

၆၂၃။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’။ပ။

သစ္စာလေးပါးကို သိကြောင်း လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)

၆၂၄။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

မမြဲဟု မှတ်သားမှု ‘အနိစ္စသညာ’၊ အစိုးမရဟု မှတ်သားမှု ‘အနတ္တသညာ’၊ မတင့်တယ်ဟု မှတ်သားမှု’အသုဘသညာ’၊ အပြစ်ဟု မှတ်သားမှု ‘အာဒီနဝသညာ’၊ ပယ်အပ်၏ဟု မှတ်သားမှု ‘ပဟာန သညာ’၊ စွဲမက်ခြင်း ကင်း၏ဟု မှတ်သားမှု ‘ဝိရာဂသညာ’၊ ချုပ်၏ဟု မှတ်သားမှု ‘နိရောဓသညာ’ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ဤ တရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၂)

၆၂၅။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

မတင့်တယ်ဟု မှတ်သားမှု ‘အသုဘသညာ’၊ သေခြင်း၌ မှတ်သားမှု ‘မရဏသညာ’၊ စားအပ်သော အစာ၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေပဋိကူလသညာ’၊ လောကအားလုံး၌ မွေ့လျော်ဖွယ် မရှိဟုမှတ်သားမှု ‘သဗ္ဗလောကေအနဘိရတိသညာ’၊ မမြဲဟု မှတ်သားမှု ‘အနိစ္စသညာ’၊ မမြဲခြင်း၌ ဆင်းရဲဟုမှတ်သားမှု ‘အနိစ္စေ ဒုက္ခသညာ’၊ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု ‘ဒုက္ခေ အနတ္တ သညာ’ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၃)

၆၂၆—၆၅၂။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ပိုင်းခြား၍ သိရန်။ပ။ကုန်စေရန်။ပ။ ပယ်ရန်။ပ။ကုန်ခန်းစေရန်။ပ။ ပျက်ရန်။ပ။ ပျက်စီးရန်။ပ။ ချုပ်ရန်။ပ။ စွန့်ရန်။ပ။ တစ်ဖန်စွန့်ရန်။ပ။ ဤတရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၄—၃ဝ)

၆၅၃—၁၁၃၂။ ပြစ်မှားမှု ‘ဒေါသ’ ကို။ပ။ တွေဝေမှု ‘မောဟ’ ကို။ အမျက်ထွက်မှု ‘ကောဓ’ ကို။ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ ကို။ ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’ ကို။ အပြိုင်ပြုမှု ‘ပဠာသ’ ကို။ ငြူစူမှု ‘ဣဿာ’ ကို။ ဝန်တိုမှု ‘မစ္ဆရိယ’ကို။ လှည့်ပတ်မှု ‘မာယာ’ ကို။ စဉ်းလဲမှု ‘သာဌေယျ’ ကို။ ခက်ထန်မှု ‘ထမ္ဘ’ ကို။ ခြုတ်ခြယ်မှု ‘သာရမ္ဘ’ ကို။ ထောင်လွှားမှု ‘မာန’ ကို။ အလွန်ထောင်လွှားမှု ‘အတိမာန’ ကို။ ယစ်မှု ‘မဒ’ ကို။ မေ့လျော့မှု ‘ပမာဒ’ ကို။ ထူးသော ဉာဏ်ဖြင့် သိရန်။ပ။ ပိုင်းခြား၍ သိရန်။ကုန်ရန်။ ပယ်ရန်။ကုန်ဆုံးရန်။ ပျက်ရန်။ ပျက်စီးရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန်။ ဤတရားခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၃၁—၅၁ဝ)

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေကုန်သတည်း။

ရာဂပေယျာလ ပြီး၏။

သတ္တကနိပါတ် ပြီး၏။