အင်္ဂုတ္တရနိကာယ်

၆-အဗျာကတဝဂ်

၉-မေတ္တသုတ်

၆၂။ ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ကို မကြောက်ကြလင့်၊ ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ဟူသောအမည်သည် ချမ်းသာသုခ၏ အမည်တည်း။

ရဟန်းတို့ ငါသည် ကြာမြင့်စွာသော ကာလပတ်လုံး ပြုလုပ်ဆည်းပူးထားအပ်ကုန်သော ကောင်းမှုတို့၏ အလိုရှိဖွယ် နှစ်လိုဖွယ် မြတ်နိုးဖွယ်သော အကျိုးထူးကို ကြာမြင့်စွာသော ကာလပတ်လုံး ခံစားဖူးသည့်အဖြစ်ကို သိ၏၊ ခုနစ်နှစ်တို့ပတ်လုံး မေတ္တာနှင့်ယှဉ်သော ဈာန်စိတ်ကို ပွါးဖူးပြီ၊ ခုနစ်နှစ်တို့ပတ်လုံး မေတ္တာနှင့်ယှဉ်သော စိတ်ကို ပွါးစေ၍ ခုနစ်ခုသော သံဝဋ္ဋကပ် ဝိဝဋ္ဋကပ်တို့ပတ်လုံး ဤလူ့ပြည်သို့ တစ်ဖန် မလာပြီ၊ ရဟန်းတို့ သြကာသလောက ပျက်သည်ရှိသော် ငါသည် အာဘဿရဘုံသို့ကပ်ရောက်ရ၏၊ သြကာသလောက တည်ပြန်သည်ရှိသော် ဆိတ်သုဉ်းသော (ပဌမဈာန်) ဗြဟ္မာ့ဗိမာန်၌ ဖြစ်၏။ ရဟန်းတို့ ထိုပဌမဈာန် ဗြဟ္မာ့ဗိမာန်၌ ငါသည် ဗြဟ္မာဖြစ်၏။ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏။ ရဟန်းတို့ ငါသည် နတ်တို့ကို အစိုးရသော သိကြားမင်း သုံးဆယ့်ခြောက်ကြိမ် ဖြစ်ဖူး၏၊ အကြိမ်တစ်ရာမက တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်းအပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကိုတည်ငြိမ်စေသော ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်ခဲ့၏၊ ရဟန်းတို့ထို (စကြဝတေးမင်းဖြစ်သော) ငါ့အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ ဤသည်ကားအဘယ်နည်း၊ စကြာရတနာ, ဆင်ရတနာ, မြင်းရတနာ, ပတ္တမြားရတနာ, မိဖုရားရတနာ,သူဌေးရတနာ, ခုနစ်ခုမြောက် သားကြီးရတနာတို့ တည်း၊ ထို (စကြဝတေးမင်းဖြစ်သော ငါ့အား) ရဲရင့်သော သူရဲကောင်း အင်္ဂါရုပ်ရှိသော တစ်ဖက်စစ်သည် တို့ကို နှိမ်နင်းနိုင်သော အထောင်မကသောသားတော်တို့သည် ရှိကုန်၏။ ထိုငါသည် သမုဒ္ဒရာအဆုံး ရှိသော ဤမြေကို တုတ်မဆောင်မူ၍လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးခဲ့ပြီဟု (မိန့်တော်မူ၏)။

ချမ်းသာကို ရှာမှီးကြကုန်သောသူတော်ကောင်းတို့၊ ကုသိုလ်ကောင်းမှုတို့၏ အကျိုးကို ရှုကြလော့၊ ရဟန်းတို့ ခုနစ်နှစ်တို့ပတ်လုံး မေတ္တာစိတ်ကို ပွားများ၍ သံဝဋ္ဋကပ် ဝိဝဋ္ဋကပ် ခုနစ်ခုတို့ပတ်လုံးဤလူ့လောကသို့ တစ်ဖန် မလာပြီ။ သြကာသလောက ပျက်သည်ရှိသော် အာဘဿရဘုံသို့ကပ်ရောက်၍ ဖြစ်ရ၏။ လောကသည် အသစ်တစ်ဖန် တည်ပြန်လတ်သော် ဆိတ်သုဉ်းသော ပဌမဈာန် ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ ထိုအခါ၌ မိမိအလိုသို့ သူတစ်ပါးကို လိုက်စေနိုင်သော မဟာ ဗြဟ္မာခုနစ်ကြိမ်ဖြစ်ဖူး၏။ နတ်တို့ကို အစိုးရသော သိကြားမင်း သုံးဆယ့်ခြောက်ကြိမ်ဖြစ်၍ နတ်တို့၏ မင်းအဖြစ်ကို ပြုဖူး၏၊ ဇမ္ဗူဒိပ်ကျွန်းအပြင်ကို အစိုးရသော စကြာမင်း ဖြစ်ဖူး၏။ ဦးထိပ်၌ အဘိသိက်သွန်းအပ်သော မြေကို အစိုးရသော လူတို့၏ အကြီးအမှူး ဖြစ်သော မင်းဖြစ်ဖူး၏၊ တုတ်မဆောင် လက်နက်မဆောင်ဘဲ ဤမြေပြင်ကို အောင်နိုင်၏။ (ငါသည်) ဤမြေပြင်၌ တရားနှင့်အညီ မင်းပြု၍ နိုင့်ထက်မှု မပြုဘဲ တရားနှင့် ညီစွာ ဆုံးမခဲ့ပြီ။ ငါသည် ကာမဂုဏ်အလုံးစုံတို့နှင့်လည်းကောင်း၊ ရတနာခုနစ်ပါးတို့နှင့်လည်း ကောင်း ပြည့်စုံသော များသောဥစ္စာ များသောအသုံးအဆောင်ရှိသော ကြွယ်ဝသော အမျိုး၌ ဖြစ်ဖူးပြီ။ လောက၌ လူတို့ကို ချီးမြှောက်ထောက်ပံ့တတ်ကုန်သော မြတ်စွာဘုရားတို့ ရှိကုန်၏၊ ထိုဘုရားရှင်တို့သည်လည်း ဤကောင်းမှုသည် ကြီးမားသော အကျိုး၏ အကြောင်း ပင်တည်း၊ ငါ၏မြေအပြင်ကို အစိုးရသော မင်းအဖြစ်သည် မပျက်စီး၊ များပြားလှသော အသုံးအဆောင်အဆောက်အဦးရှိသော အရှိန်အစော်ကြီးမားသော မင်းဖြစ်၏၊ ဇမ္ဗ္ပူဒိပ်မြေအပြင်ကို အစိုးရသောတန်ခိုးနှင့် ပြည့်စုံသော အခြံ အရံနှင့် ပြည့်စုံသော မင်းဖြစ်၏ဟု ဤတရားကို ကောင်းစွာဟောကြားတော်မူအပ်၏။ ဤတရားကို ကြားနာရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိနိုင်ရာ အံ့နည်း၊ မည်းညစ်သောသဘောရှိသော သူသော်မှလည်း ကြည်ညိုလေရာ၏၊ ထို့ကြောင့် အကျိုးစီးပွါးကို အလိုရှိသူသည်ကြီးမားသော အကျိုးကို အလိုရှိသည် ဖြစ်၍ ဘုရားရှင်တို့၏ အဆုံးအမတော်ကို အောက်မေ့လျက်သူတော်ကောင်း တရားကို အလေးအမြတ် ပြုအပ်၏။

နဝမသုတ်။