အင်္ဂုတ္တရနိကာယ်

၇-မဟာဝဂ်

၂-သတ္တသူရိယသုတ်

၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလိသရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟူ၍ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏—

ရဟန်းတို့ သင်္ခါရတရားတို့သည် မမြဲကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် အမြဲမတည်ကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် သာယာအပ်သော သဘောမရှိကြကုန်၊ ရဟန်းတို့ အလုံးစုံသောသင်္ခါရတရားတို့၌ အလွန်လျှင် ငြီးငွေ့ထိုက်ကုန်၏၊ တပ်မက်ခြင်း ကင်းရန် ထိုက်ကုန်၏၊ (သင်္ခါရတရားတို့မှ) ကျွတ်လွတ်ရန် ထိုက်ကုန်၏။

ရဟန်းတို့ မြင်းမိုရ်တောင်မင်းသည် အလျားအားဖြင့် ယူဇနာရှစ်သောင်းလေးထောင် ရှည်လျား၏၊ အနံအားဖြင့် ယူဇနာရှစ်သောင်းလေးထောင် ကျယ်၏၊ ယူဇနာရှစ်သောင်းလေးထောင်တိုင်တိုင် မဟာသမုဒ္ဒရာ၌ နစ်မြုပ်၏၊ ယူဇနာရှစ်သောင်းလေးထောင်တိုင်တိုင် မဟာသုဒ္ဒရာမှ ပေါ်တက်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသော အခါကို လွန်သဖြင့် များစွာသောနှစ် များစွာသော နှစ်အရာနှစ်အထောင် နှစ်အသိန်းတို့ပတ်လုံး မိုးမရွာ၊ ထိုမိုးမရွာသောအခါမျိုး ရှိသည်သာလျှင်တည်း။ ရဟန်းတို့မိုးမရွာလျှင် ဤဗီဇဂါမ်ဘူတဂါမ်ဖြစ်ကုန်သည့် ဆေးသစ်ပင် မြက်သစ်ပင် တောစိုးသစ်ပင်ဟူသမျှတို့သည်ခြောက်သွေ့ကုန်၏၊ အထူးသဖြင့် ခြောက်သွေ့ကုန်၏၊ မဖြစ်ပွါးကုန်။ ရဟန်းတို့ သင်္ခါရ တရားတို့သည်မမြဲကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့ အမြဲမတည်ကြကုန်။ပ။ ကျွတ်လွတ်ရန်ထိုက်ကုန်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသော အခါကို လွန်သဖြင့် နှစ်ခုမြောက်သော နေသည် ထွက် ပေါ်၏၊ ထိုနေနှစ်စင်း ထွက်သောအခါမျိုး ရှိသည်သာလျှင်တည်း။ ရဟန်းတို့ နှစ်ခုမြောက်သောနေထွက်ပေါ်လာခြင်းကြောင့် မြစ်ငယ် အိုင်ငယ်ဟူသမျှအားလုံးတို့သည် ခန်းခြောက်ကုန်၏၊ အထူးသဖြင့်ခန်းခြောက်ကုန်၏၊ (ရေတစ်စက်မျှ) မရှိကုန်။ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့ မမြဲကြကုန်။ပ။

ကျွတ်လွတ်ရန် ထိုက်ကုန်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသော အခါကို လွန်သဖြင့် (နှစ်ခုမြောက်သော နေထွက်ပေါ်ပြီးနောက်) သုံးခုမြောက်သော နေသည် ထွက်ပေါ်လာ၏၊ ထိုနေသုံးစင်းထွက်ပေါ်သော အခါမျိုးသည်ရှိသည်သာလျှင်တည်း၊ ရဟန်းတို့ သုံးခုမြောက်သော နေထွက်ပေါ်လာခြင်းကြောင့် ဂင်္ဂါ ယမုံနာအစိရဝတီ သရဘူ မဟီဟူသော အလုံးစုံသော မြစ်ကြီးငါးစင်းတို့သည် ခန်းခြောက်ကုန်၏၊ အထူးသဖြင့်ခန်းခြောက်ကုန်၏၊ (ရေတစ်စက်မျှ) မရှိကုန်။ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့ မမြဲကြကုန်။ပ။ ကျွတ်လွတ် ရန် ထိုက်ကုန်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသော အခါကို လွန်သဖြင့် (သုံးခုမြောက်သော နေ ထွက်ပေါ်ပြီးနောက်) လေးခုမြောက်သော နေသည် ထွက်ပေါ်လာ၏၊ ထိုနေလေးစင်းထွက်ပေါ်လာသော အခါမျိုးသည်ရှိသည်သာလျှင်တည်း၊ ရဟန်းတို့ လေးခုမြောက်သော နေထွက်ပေါ်လာခြင်းကြောင့် အနောတတ္တသီဟပပါတ ရထကာရ ကဏ္ဏမုဏ္ဍ ကုဏာလ ဆဒ္ဒန္တ မန္ဒာကိနီဟူသော ဤအိုင်ကြီးတို့သည် ရှိကုန်၏၊ ယင်းအိုင်ကြီးတို့မှ မြစ်ကြီးတို့သည် စီးကုန်၏၊ ထိုရေအိုင်ကြီး ခုနစ်အိုင်တို့သည် ခန်းခြောက်ကုန်၏၊ အထူးသဖြင့် ခန်းခြောက်ကုန်၏၊ (ရေ တစ်စက်မျှ) မရှိကုန်။ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့မမြဲကြကုန်။ပ။ ကျွတ်လွတ်ရန် ထိုက်ကုန်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသော အခါကို လွန်သဖြင့် (လေးခုမြောက် နေထွက်ပေါ်ပြီး နောက်) ငါးခုမြောက်သော နေသည် ထွက်ပေါ်လာ၏၊ ထိုနေငါးစင်းထွက်ပေါ်လာသော အခါမျိုးသည်ရှိသည်သာလျှင်တည်း။ ရဟန်းတို့ ငါးခုမြောက်နေ ထွက်ပေါ်လာခြင်းကြောင့် မဟာသမုဒ္ဒရာ၌ ယူဇနာတစ်ရာလောက်သော ရေတို့သည် ယုတ်လျော့ကုန်၏၊ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာယူဇနာငါးရာ ယူဇနာခြောက်ရာ ယူဇနာခုနစ်ရာလောက်မျှသော ရေတို့သည် ယုတ်လျော့ကုန်၏၊ ထန်းပင်ခုနစ်ပြန်လောက်မျှသာလျှင် မဟာသမုဒ္ဒရာ၌ ရေသည် တည်၏၊ ခြောက်ပြန် ငါးပြန် လေးပြန် သုံးပြန်နှစ်ပြန် ထန်းပင်တစ်ပြန်လောက်မျှသာလျှင် ရေသည် တည်၏၊ လက်ခုပ်ခုနစ်ဖောင်လောက်မျှသာလျှင်မဟာသမုဒ္ဒရာ၌ ရေသည် တည်၏၊ လက်ခုပ် ခြောက်ဖောင် ငါးဖောင် လေးဖောင် သုံးဖောင် နှစ်ဖောင်တစ်ဖောင် လက်ခုပ် ဖောင်ဝက်မျှလောက်သာလျှင် ခါးလောက်မျှသာလျှင် ဒူးလောက်မျှသာလျှင် ခြေကျင်းဝတ် ‘ဖမျက်’ မျှလောက်သာလျှင် ရေသည် တည်၏။ ရဟန်းတို့ ဥပမာသော်ကား တန်ဆောင်မုန်းလအခါ၌ မိုးကြီးသည်းထန်စွာ ရွာသည်ရှိသော် ထိုထိုအရပ်ဝယ် နွားခြေရာတို့၌ ရေတည်ကုန်သကဲ့သို့ ရဟန်းတို့ဤအတူသာလျှင် ထိုထိုအရပ်၌ ခြေကျင်းဝတ် ‘ဖမျက်’ မျှလောက်ကုန်သော ရေတို့သည်သာ မဟာသမုဒ္ဒရာ၌ တည်ကုန်၏၊ ရဟန်းတို့ ငါးစင်းမြောက်နေ ထွက်ပေါ်လာခြင်းကြောင့် သမုဒ္ဒရာ၌ ရေသည်လက်တစ်ဆစ်လောက်မျှ မရှိတော့ချေ။ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့ မမြဲကြကုန်။ပ။ ကျွတ်လွတ်ရန် ထိုက်ကုန်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသော အခါကို လွန်သဖြင့် (ငါးစင်းမြောက် နေထွက်ပေါ်လာပြီးနောက်) ခြောက်စင်းမြောက်နေသည် ထွက်ပေါ်လာ၏၊ ထိုနေခြောက်စင်း ထွက်ပေါ်လာသောအခါမျိုးသည်ရှိသည်သာလျှင်တည်း။ ရဟန်းတို့ ခြောက်ခုမြောက်နေ ထွက်ပေါ်လာခြင်းကြောင့် ဤမဟာပထဝီမြေကြီးသည်လည်းကောင်း၊ မြင်းမိုရ်တောင်မင်းသည်လည်းကောင်း အခိုးထွက်ကုန်၏၊ လွန်စွာ အခိုးထွက်ကုန်၏၊ လွန်စွာ အထွေထွေအပြားပြား အခိုးထွက်ကုန်၏။ ရဟန်းတို့ အိုးထိန်းသည်တို့၏ အိုးဖုတ်ရာ ဖြစ်သောအိုးဖိုကို မီးတိုက်သည်ရှိသော် ရှေးဦးစွာ အခိုးထွက်သကဲ့သို့ လွန်စွာ အခိုးထွက်သကဲ့သို့ လွန်စွာအထွေထွေအပြားပြား အခိုးထွက်သကဲ့သို့ ဤအတူသာလျှင် ခြောက်စင်းမြောက် နေထွက်ပေါ်ခြင်းကြောင့်ဤမဟာပထဝီမြေကြီးသည်လည်းကောင်း၊ မြင်းမိုရ်တောင်မင်းသည်လည်းကောင်း အခိုးထွက်ကုန်၏၊ လွန်စွာ အခိုးထွက်ကုန်၏၊ လွန်စွာ အထွေထွေအပြားပြား အခိုးထွက်ကုန်၏။ ရဟန်းတို့ သင်္ခါရတရား့တို့သည် ဤသို့ မမြဲကြကုန်။ပ။ ကျွတ်လွတ်ရန် ထိုက်ကုန်၏။

ရဟန်းတို့ တစ်ရံတစ်ခါ ရှည်လျားသောအခါကို လွန်သဖြင့် (ခြောက်စင်းမြောက် နေထွက်ပေါ်ပြီးနောက်) ခုနစ်စင်းမြောက်နေသည် ထွက်ပေါ်လာ၏၊ ထိုနေ ခုနစ်စင်း ထွက်ပေါ်လာသော အခါမျိုးသည်ရှိသည်သာလျှင်တည်း။ ရဟန်းတို့ ခုနစ်ခုမြောက်နေ ထွက်ပေါ်လာခြင်းကြောင့် ဤမဟာပထဝီမြေကြီးသည်လည်းကောင်း၊ မြင်းမိုရ်တောင်မင်းသည်လည်းကောင်း အလျှံညီးညီး မီးခဲကြီး ဖြစ်ကုန်၏၊ အလျှံတပြောင်ပြောင် တောက်လောင်ကုန်၏၊ (လောကဓာတ်ကြီးအတွင်း၌ ) တစ်စပ်တည်းသော မီးတောက်မီးလျှံကြီးတို့ ဖြစ်ပေါ်လာကုန်၏၊ ရဟန်းတို့ မီးတောက်လောင်သော မီးလောင်ကျွမ်းသော ဤမြေကြီး၏လည်းကောင်း၊ မြင်းမိုရ်တောင်မင်း၏လည်းကောင်း မီးတောက်မီးလျှံသည် လေဟုန်ပင့်တင်အပ်သည် ဖြစ်၍ဗြဟ္မာ့ပြည်တိုင်အောင် တက်ရောက်၏၊ ရဟန်းတို့ တောက်လောင်နေသော လောင်ကျွမ်းနေသော ကြီးမားသည့် မီးအစုနှိပ်စက်အပ်သည်ဖြစ်၍ ပျက်စီးနေသော မြင်းမိုရ်တောင်ကြီး၏ ယူဇနာတစ်ရာရှိ (ကျောက်လွှာ) ကျောက်ထွဋ်ကြီးတို့သည်လည်း ပြိုကွဲ ပျက်စီးကုန်၏၊ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာယူဇနာငါးရာရှိ (ကျောက်လွှာ) ကျောက်ထွဋ်တို့သည်လည်း ပျက်စီးကုန်၏၊ ရဟန်းတို့ တောက်လောင်နေသော လောင်ကျွမ်းနေသော ဤမဟာပထဝီမြေကြီး၏လည်းကောင်း၊ မြင်းမိုရ်တောင်မင်း၏လည်းကောင်းပြာကို မတွေ့မြင်ရတော့ချေ၊ မီးသွေးကို မတွေ့မြင်ရတော့ချေ၊ ရဟန်းတို့ တောက်လောင်နေသောလောင်ကျွမ်းနေသော ထောပတ်၏လည်းကောင်း၊ ဆီ၏လည်းကောင်း ပြာကို မတွေ့မြင်ရ မီးသွေးကိုမတွေ့မြင်ရသကဲ့သို့၊ ရဟန်းတို့ ဤဥပမာအတူသာလျှင် တောက်လောင်နေသော လောင်ကျွမ်းနေသောဤမဟာပထဝီမြေကြီး၏လည်းကောင်း၊ မြင်းမိုရ်တောင်မင်း၏လည်းကောင်း ပြာနှင့် မီးသွေးကိုမတွေ့မြင်ရ တော့ချေ။ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့ မမြဲကြကုန်၊ ရဟန်းတို့သင်္ခါရတရားတို့သည် ဤသို့ အမြဲမတည်ကြကုန်၊ ရဟန်းတို့ သင်္ခါရတရားတို့သည် ဤသို့သာယာအပ်သော သဘောမရှိကြကုန်။ ရဟန်းတို့ အလုံးစုံသော သင်္ခါရတရားတို့၌ အလွန်လျှင်ငြီးငွေ့ထိုက်ကုန်၏၊ တပ်ခြင်းကင်းရန် သင့်၏၊ (သင်္ခါရတရားတို့မှ) ကျွတ်လွတ်ရန် ထိုက်ကုန်၏။

ရဟန်းတို့ “ဤမဟာပထဝီမြေကြီးသည်လည်းကောင်း၊ မြင်းမိုရ်တောင်မင်းသည်လည်းကောင်းလောင်ကျွမ်းကုန်လတ္တံ့ ပျက်စီးကုန်လတ္တံ့ (ဘာတစ်ခုမျှ) မရှိကုန်လတ္တံ့”၊ ရဟန်းတို့ ထိုအရာ၌ နိဗ္ဗာန်ကိုမြင်ပြီးကုန်သော အရိယာပုဂ္ဂိုလ်တို့ကို ထား၍ အဘယ်သူသည် သိနိုင်လိမ့်မည်နည်း၊ အဘယ်သူသည်ယုံကြည်နိုင်လိမ့်မည်နည်း။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား အယူဝါဒတီထွင်သော ကာမဂုဏ်တို့၌ (ဝိက္ခမ္ဘနပဟာန်ဖြင့်) စွဲမက်မှုကင်းသော သုနေတ္တမည်သော ဆရာသည် ဖြစ်ပေါ်ဖူး၏၊ ရဟန်းတို့ သုနေတ္တဆရာကြီးအား အရာမက များစွာကုန်သော တပည့်တို့သည် ရှိကုန်၏၊ ရဟန်းတို့ သုနေတ္တဆရာကြီးသည် တပည့်တို့အားဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟော၏။ ရဟန်းတို့ သုနေတ္တဆရာကြီးသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန်တရားဟောသည်ရှိသော် အဆုံးအမကို အကုန်အစင် သိကုန်သော တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ဗြဟ္မာ့ပြည်သို့ ရောက်ကုန်၏၊ အဆုံးအမကို အကုန်အစင်မသိကုန်သော တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ အချို့သော သူတို့သည်ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ကုန်၏၊ အချို့သော သူတို့သည် နိမ္မာနရတိနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ကုန်၏၊ အချို့သော သူတို့သည် တုသိတာ နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ကုန်၏၊ အချို့သော သူတို့သည် ယာမာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ကုန်၏၊ အချို့သော သူတို့သည် တာဝတိံသာ နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ကုန်၏၊ အချို့သော သူတို့သည် စတုမဟာရာဇ်နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ကုန်၏၊ အချို့သော သူတို့သည် ဥစ္စာများပြားသော မင်းမျိုး၌ ဖြစ်ကုန်၏၊ အချို့သော သူတို့သည် ဥစ္စာများပြားသော ပုဏ္ဏားမျိုး၌ ဖြစ့်ကုန်၏၊ အချို့သော သူတို့သည် ဥစ္စာများပြားသော သူဌေးမျိုး၌ ဖြစ်ကုန်၏။

ရဟန်းတို့ ထိုအခါ၌ သုနေတ္တဆရာကြီးအား ဤအကြံသည် ဖြစ်၏ —

“တမလွန်ဘဝ၌ တပည့်တို့နှင့် လားရာ ‘ဂတိ’ တူမျှသော အဖြစ်မျိုးသည် ငါ့အား မသင့်တော်၊ အကယ်၍ ငါသည် (ပဌမဈာန်ထက် လွန်မြတ်သော) မေတ္တာကို ပွါးများရပါမူ ကောင်းလေရာ၏”ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ၌ သုနေတ္တဆရာကြီးသည် ခုနစ်နှစ်တို့ပတ်လုံး မေတ္တာနှင့်ယှဉ်သော ဈာန်စိတ်ကိုပွါးများ၍ သံဝဋ္ဋ ဝိဝဋ္ဋကပ် ခုနစ်ခုတို့ပတ်လုံး ဤကာမဘုံသို့ တစ်ဖန် ပြန်မလာပြီ၊ ရဟန်းတို့လောက ပျက်သည်ရှိသော် အာဘဿရဗြဟ္မာ့ဘုံသို့ ရောက်၏၊ လောကတည်ပြန်လျှင် ဆိတ်သုဉ်းသောပဌမဈာန် ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ ရဟန်းတို့ ထိုပဌမဈာန်ဗြဟ္မာ့ဘုံ၌ မြတ်သော ဗြဟ္မာမင်းကြီးဖြစ်၍သူတစ်ပါးတို့ကို လွှမ်းမိုးနိုင်ပြီးလျှင် သူတစ်ပါးတို့က မလွှမ်းမိုးနိုင်ဘဲ စင်စစ် မြင်စွမ်းနိုင်သောသူတစ်ပါးတို့ကို မိမိအလိုသို့ လိုက်စေနိုင်သော ဗြဟ္မာ ဖြစ်၏။

ရဟန်းတို့ နတ်တို့ကို အစိုးရသော သိကြားမင်း သုံးဆယ်ခြောက်ကြိမ် ဖြစ်၏၊ အကြိမ်တစ်ရာမကစကြာရတနာကို လည်စေတတ်သော တရားစောင့်သော တရားမင်းဖြစ်သော သမုဒ္ဒရာလေးစင်း အဆုံးရှိသော မြေကို အစိုးရသော စစ်မြေပြင်ကို အောင်ပြီးသော ဇနပုဒ်၌ မြဲမြံသည်၏ အဖြစ်သို့ ရောက်သောရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော စကြာမင်းဖြစ်၏၊ ထိုစကြာမင်းအား ရဲရင့်၍ လုံ့လဝီရိယရှိကုန်သောသူတစ်ပါးစစ်သည်ကို နှိမ်နင်းရန် စွမ်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏၊ ထိုစကြာမင်းသည် သမုဒ္ဒရာအဆုံးရှိသော (စကြာဝဠာတောင်ကို အပိုင်းအခြားပြု၍ တည်သည့်) ဤမြေကြီး ကို ဒဏ်မထားဘဲ လက်နက်မကိုင်ဘဲ တရားဖြင့်သာလျှင် အောင်မြင်၍ စိုးအုပ်လျက် နေ၏။

ရဟန်းတို့ ထို သုနေတ္တဆရာကြီးသော်မှလည်း ဤသို့ အသက်ရှည်ပါလျက် ဤသို့ ကြာမြင့်စွာတည်ပါလျက် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်းနှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်ကင်း၊ ဆင်းရဲအပေါင်းမှ မလွတ်ကင်းဟူ၍ ငါဆို၏၊ ထိုသို့ မလွတ် ကင်းခြင်းသည် အဘယ့်ကြောင့်နည်း၊ လေးပါးသော တရားတို့ကို လျော်စွာမသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့်ပေတည်း။ အဘယ်လေးပါးတို့နည်းဟူမူ —

ရဟန်းတို့ မြတ်သော သီလကို လျော်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဆင်းရဲအပေါင်းမှ မလွတ်။

မြတ်သော သမာဓိကို လျော်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဆင်းရဲအပေါင်းမှ မလွတ်။

မြတ်သော ပညာကို လျော်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဆင်းရဲအပေါင်းမှ မလွတ်။

မြတ်သော ဝိမုတ္တိကို လျော်စွာ မသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဆင်းရဲအပေါင်းမှ မလွတ်။

ရဟန်းတို့ ငါသည် ဤမြတ်သော သီလကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ မြတ်သောသမာဓိကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ မြတ်သော ပညာကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ မြတ်သောဝိမုတ္တိကို လျော်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ၊ ဘဝတဏှာကိုဖြတ်အပ်ပြီ၊ ဘဝသို့ ဆောင်တတ်သော တဏှာသည်ကုန်ပြီ၊ ဘဝသစ်၌ တစ်ဖန် ပဋိသန္ဓေနေခြင်းသည်ယခုအခါ မရှိတော့ပြီ။

မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးနောက် ဆိုလတ္တံ့သော ဂါထာကို ဟောတော်မူ၏ —“များသော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရားသည် အတုမရှိမြတ်ကုန် သော သီလ သမာဓိ ပညာ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ဟူသော ဤတရား တို့ကို လျော်စွာ သိအပ်ကုန်ပြီ။ မြတ်စွာဘုရားသည် ဤသို့ ထူးသော ဉာဏ်ဖြင့် သိ၍ ရဟန်းတို့အား သစ္စာ လေးပါးတရားကို့ဟောကြားတော်မူ၏။ ဒုက္ခ၏ အဆုံးကို ပြုတော်မူတတ်သော၊ စက္ခုငါးပါးရှိတော်မူသော၊ လူနတ်တို့၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရား သည် (ကိလေသာငြိမ်း၍) ပရိနိဗ္ဗာန်ပြုတော်မူ၏”ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။