အင်္ဂုတ္တရနိကာယ်

၇-မဟာဝဂ်

၃-နဂရောပမသုတ်

၆၇။ ရဟန်းတို့ အကြင်အခါ၌ မင်း၏ အစွန်အဖျားကျသော မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့်ကောင်းစွာ ခြံရံအပ်၏၊ လေးပါးသော အာဟာရတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏၊ ရဟန်းတို့ ထိုအခါ၌ မင်း၏ အစွန်အဖျားကျသော ဤမြို့ကို ပြည်ပ၌ ရှိသောဆန့်ကျင်ဘက်ရန်သူတို့သည် အကျိုးမဲ့ ပျက်စီးအောင် မပြုပြင်နိုင်ဟု ဆိုအပ်၏။ အဘယ်ခုနစ်မျိုးသောမြို့၏ အခြံအရံတို့ဖြင့် ကောင်းစွာ ခြံရံအပ်သနည်းဟူမူ —

ရဟန်းတို့ ဤလောက၌ မင်း၏ အစွန်အဖျားကျသော မြို့၌ တုရိုဏ်းတိုင်သည် နက်သော တွင်းရှိ၏၊ ကောင်းစွာ မြေ၌ စိုက်မြှုပ်အပ်၏၊ တုန်လှုပ်ခြင်းမရှိ၊ ထိုမှဤမှ ယိမ်းယိုင်ခြင်းမရှိ။ မင်းသည်အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤပဌမ မြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ ကျုံးသည် နက်လည်း နက်၏၊ ကျယ်လည်း ကျယ်၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤဒုတိယမြို့၏အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ (မြို့တံတိုင်းအတွင်း) ထက်ဝန်းကျင်လှည့်လည်နိုင်သော လမ်းခရီးသည် မြင့်လည်း မြင့်၏၊ ကျယ်လည်း ကျယ်၏။ မင်းသည်အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤတတိယမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ (မြားစသော) ပစ်လွှတ်အပ်သောလက်နက်ကိုလည်းကောင်း၊ (ဓားစသော) ကြွင်းသော လက်နက်ကိုလည်းကောင်း လက်နက်များစွာကိုသိုမှီးအပ်၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤစတုတ္ထမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ များစွာသော စစ်သည် ဗိုလ်ပါအပေါင်းသည် နေ၏။ အဘယ်စစ်သည် ဗိုလ်ပါအပေါင်းနည်း။ ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ လေးသည်တော်၊ အောင်လံကိုင်၊ စစ်ဆင်သူ၊ တစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းကို အတုံးအတစ်ဖြတ်တောက် သွားနိုင်သူ၊ (စစ်၌ ) ထူးချွန်ကျော်စောသော မင်းသား၊ တဟုန်တည်းပြေးဝင် (စစ်ထိုး) နိုင်သူ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲ၊ လွန်စွာ ရဲရင့်သူ၊ ချပ်ဝတ်သူရဲ၊ ကျွန်ယုံတော်များတို့ပင်တည်း။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤပဉ္စမမြို့၏ အခြံအရံဖြင့် ကောင်းစွာခြံရံအပ်၏။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ ပညာရှိ၍ လိမ္မာသော၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော၊ မသိသူတို့အား တားမြစ်တတ်၍ သိသူတို့အား ဝင်စေတတ်သောတံခါးမှူးရှိ၏၊ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန့်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤဆဋ္ဌမြို့၏ အခြံအရံဖြင့်ကောင်းစွာ ခြံရံအပ်၏။ (၆)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တံတိုင်းသည် မြင့်လည်း မြင့်၏၊ ကျယ်လည်း ကျယ်၏၊ အပေါက် အလုံးစုံ ပိတ်ဆို့သော အင်္ဂတေလိမ်းကျံခြင်းနှင့်လည်း ပြည့်စုံ၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဤသတ္တမမြို့၏ အခြံအရံဖြင့် ကောင်းစွာခြံရံအပ်၏။ (၇)

ဤ မြို့၏ အခြံအရံခုနစ်ပါးတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏။

အဘယ်လေးပါးကုန်သော အာဟာရတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းရသနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာနေနိုင်ရန် အပဖြစ်သောရန်သူတို့ကို တားမြစ်ရန် များပြားသော မြက် ထင်း ရေကို သိုမှီးသိမ်းဆည်းအပ်၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာနေနိုင်ရန် အပဖြစ်သောရန်သူတို့ကို တားမြစ်ရန် များပြားသော သလေးစပါး မုယောစပါးတို့ကို သိုမှီး သိမ်းဆည်းအပ်၏။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာနေနိုင်ရန် အပဖြစ်သောရန်သူတို့ကို တားမြစ်ရန် များပြားသော နှမ်း ပဲနောက် ပဲကြီး ကြွင်းသော ပဲအမျိုးအပေါင်းတို့ကို သိုမှီး သိမ်းဆည်းအပ်၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာနေနိုင်ရန် အပဖြစ်သောရန်သူတို့ကို တားမြစ်ရန် များပြားသော ဆေးပစ္စည်းတို့ကို သိုမှီးသိမ်းဆည်းအပ်၏၊ အဘယ်ဆေးပစ္စည်းတို့နည်း —

ထောပတ် ဆီဦး ဆီ ပျား တင်လဲ ဆား ဤဆေးပစ္စည်းတို့ပင်တည်း။

ရဟန်းတို့ ဤလေးပါးကုန်သော အာဟာရတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်း ရ၏။ (၄)

ရဟန်းတို့ အကြင်အခါ၌ မင်း၏ အစွန်အဖျားကျသော မြို့ကို အခြံအရံခုနစ်မျိုးတို့ဖြင့် ကောင်းစွာခြံရံအပ်၏၊ ဤအာဟာရလေးမျိုးတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။ ထိုအခါ အစွန်အဖျားကျသော မြို့ကို အပဖြစ်သည့် ဆန့်ကျင်ဘက် ရန်သူအပေါင်းတို့သည် (အကျိုးမဲ့ပျက်စီးအောင်) မပြုနိုင်ဟု ဆိုအပ်၏။

ရဟန်းတို့ ဤအတူသာလျှင် အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည့် သူတော်ကောင်းတရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော ယခုဘဝ၌ ချမ်းသာစွာနေကြောင်းဖြစ်ကုန် သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။ ရဟန်းတို့ ထိုအခါ၌ ဤ အရိယာသာဝကကို မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သောရဟန်းဟူ၍လည်းကောင်း၊ ယုတ်မာသော မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သောရဟန်းဟူ၍လည်းကောင်း ဆိုအပ်၏။

အဘယ် သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံသနည်းဟူမူ —

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း တုရိုဏ်းတိုင်သည် နက်သော တွင်းရှိသည်ကောင်းစွာ မြေ၌ စိုက်မြှုပ်အပ်သည် တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍ ထိုမှဤမှ ယိမ်းယိုင်ခြင်း မရှိသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် ယုံကြည်မှု သဒ္ဓါနှင့် ပြည့်စုံ၏၊ မြတ်စွာဘုရား၏့အရဟတ္တ မဂ်ဉာဏ် အဗ္ဗညုတဉာဏ်ကို ယုံကြည်၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (ယုံကြည်၏)။

ရဟန်းတို့ ယုံကြည်မှုသဒ္ဓါရှိသော အရိယာသာဝကသည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤပဌမသူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ (၁)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း နက်လည်း နက်၍ ကျယ်လည်း ကျယ်သော ကျုံးသည်ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် အရှက်ရှိ၏၊ ကာယ ဝစီ မနော ဒုစရိုက်မှရှက်တတ်၏၊ ယုတ်ညံ့သည့် အကုသိုလ်တရားတို့သို့ ရောက်ရန် ရှက်တတ်၏။ ရဟန်းတို့ ရှက်တတ်သောအရိယာသာဝကသည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤဒုတိယ သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ (၂)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း မြင့်လည်း မြင့်၍ ကျယ်လည်း ကျယ်သော မြို့တံတိုင်းအတွင်း၌ ထက်ဝန်းကျင် လှည့်လည်နိုင်သော လမ်းသည် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်အရိယာသာဝကသည် ထိတ်လန့်မှုရှိ၏၊ ကာယ ဝစီ မနော ဒုစရိုက်မှ ထိတ်လန့်တတ်၏၊ ယုတ်ညံ့ကုန်သောအကုသိုလ်တရားတို့သို့ ရောက်ရန် ထိတ်လန့်တတ်၏။ ရဟန်းတို့ ဒုစရိုက်မှ ထိတ်လန့်သော အရိယာတပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကိုပယ်စွန့်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤတတိယသူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ (၃)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း၊ (မြားစသော) ပစ်လွှတ်အပ်သောလက်နက်ကိုလည်း ကောင်း၊ (ဓားစသော) ကြွင်းသော လက်နက်ကိုလည်းကောင်း လက်နက်များစွာကိုသိုမှီးအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် အကြားအမြင်များ၏။ပ။ ပညာဖြင့်ကောင်းစွာ ထိုးထွင်း၍ သိ၏။ ရဟန်းတို့ အကြားအမြင် များသော အရိယာတပည့်သည် အကုသိုလ်ကိုပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏၊ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤစတုတ္ထသူတော်ကောင်းတရားနှင့်ပြည့်စုံ၏။ (၄)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ လေးသည်များ၊ အောင်လံကိုင်များ၊ စစ်ဆင်သူ၊ တစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းကို အတုံးအတစ်ဖြတ်တောက်သွားနိုင်သူ၊ (စစ်၌ ) ထူးချွန်ကျော်စောသော မင်းသား၊ တဟုန်တည်းပြေးဝင် (စစ်ထိုး) နိုင်သူ၊ ဆင်ပြောင်ကဲ့သို့သော သူရဲ၊ လွန်စွာ ရဲရင့်သူများ၊ ချပ်ဝတ်သူရဲ၊ ကျွန်ယုံတော်ဟူသော များစွာသော စစ်သည်ဗိုလ်ပါအပေါင်းသည် နေဘိသကဲ့သို့၊ ရဟန်းတို့ ဤဥပမာအတူသာလျှင် အရိယာသာဝကသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့၌ ပြည့်စုံစေရန် ထက်သန်သောလုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ်မှု ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို့ချမထား။ ရဟန်းတို့ ဝီရိယဗိုလ်ပါအားနှင့် ပြည့်စုံသော အရိယာသာဝကသည် အကုသိုလ်တရားကိုပယ်၏၊ ကုသိုလ်တရားကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏။ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤပဉ္စမသူတော်ကောင်းတရားနှင့်ပြည့်စုံ၏။ (၅)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း မသိသူတို့ကို တားမြစ်တတ်၍ သိသူတို့ကိုဝင်စေတတ် သော ပညာရှိ၍ လိမ္မာထက်မြက်သော ပညာနှင့်ပြည့်စုံသော တံခါးမှူးသည် ရှိသကဲ့သို့၊ ရဟန်းတို့ ဤ အတူသာလျှင် အရိယာတပည့်သည် သတိနှင့်ပြည့်စုံ၏၊ မြတ်သော ရင့်ကျက်သောသတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာအခါက ပြုအပ် ပြောဆိုအပ်ခဲ့သည်ကို အောက်မေ့နိုင်၏၊ အဖန်ဖန်အောက်မေ့နိုင်၏။ ရဟန်းတို့ သတိတည်းဟူသော တံခါးစောင့်ရှိသော အရိယာတပည့်သည် အကုသိုလ်ကိုပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏။ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏။ ဤဆဋ္ဌသူတော်ကောင်းတရားနှင့်ပြည့်စုံ၏။ (၆)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ လုံခြုံစေရန်လည်းကောင်း၊ မြို့ပ၌ နေသော ရန်သူတို့ကို တားမြစ်ရန်လည်းကောင်း မြင့်လည်း မြင့်၍ ကျယ်လည်း ကျယ်သောအပေါက် အလုံးစုံ ပိတ်ဆို့သော အင်္ဂတေလိမ်းကျံသော မြို့တံတိုင်းသည် ဖြစ်သကဲ့သို့၊ ရဟန်းတို့ဤအတူသာလျှင် အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်ခြင်းပျက်ခြင်းကို မြင်စွမ်းနိုင်၍ ကိလေသာကိုဖောက်ခွဲနိုင်သည့်ပြင် ဒုက္ခ၏ကုန်ရာ နိဗ္ဗန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့်ပြည့်စုံ၏။

ရဟန်းတို့ အလုံးစုံသော အပေါက်တို့ကို ပိတ်ဆို့စေတတ်သော အင်္ဂတေတည်းဟူသော ပညာနှင့်ပြည့်စုံသော အရိယာတပည့်သည် အကုသိုလ်ကို ပယ်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော (အကုသိုလ်) တရားကို ပယ်၏။ အပြစ်မရှိသော (ကုသိုလ်) တရားကို ပွါးများ၏၊ မိမိကိုယ်ကိုစင်ကြယ်စွာ ဆောင်၏။ ဤသတ္တမသူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ ဤသူတော်ကောင်းတရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏။ (၇)

လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သောအဘယ်ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရသနည်း၊ မငြိုမငြင် မပင်မပန်း ရသနည်း။

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော မြက် ထင်း ရေကိုသိုမှီးသိမ်းဆည်းအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်သည် မိမိ မွေ့လျော်ပျော်ပိုက်ရန် မတောင့်တရန် ချမ်းသာစွာ နေရရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ (၁)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော သလေးစပါး မုယောစပါးကို သိုမှီး သိမ်းဆည်းအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အရိယာသာဝကသည် မိမိမွေ့လျော်ပျော်ပိုက်ရန် မတောင့်တရန် ချမ်းသာစွာ နေရရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ကြံစည်ခြင်း ‘ဝိတက်’သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ (၂)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် များပြားသော နှမ်း ပဲနောက် ့ပဲကြီး ကြွင်းသော ပဲအမျိုးအပေါင်းကို သိုမှီး သိမ်းဆည်းအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်အရိယာသာဝကသည် မိမိမွေ့လျော်ပျော်ပိုက်ရန် မတောင့်တရန် နိဗ္ဗာန်သို့ သက်ဝင်ရန် နှစ်သိမ့်ခြင်း’ပီတိ’ ကိုလည်း မစွဲမက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ (၃)

ရဟန်းတို့ မင်း၏ အစွန်အဖျားကျသော မြို့၌ အတွင်းနေသူတို့ မွေ့လျော်ပျော်ပိုက်ရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် ပြင်ပမှ ရန်သူတို့ကို တားမြစ်ရန် ထောပတ် ဆီဦး ဆီ ပျား တင်လဲဆားဟူသော များပြားသော ဆေးပစ္စည်းကို သိုမှီးသိမ်းဆည်းအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်အရိယာတပည့်သည် မိမိမွေ့လျော်ရန် မတောင့်တရန် နိဗ္ဗာန်သို့ သက်ဝင်ရန် ချမ်းသာခြင်း ‘သုခ’ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း’သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲလည်း မဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ရောက်၍ နေ၏။

လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်၌ ချမ်းသာစွာနေကြောင်းဖြစ်ကုန်သော ဤဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် မပင်မပန်း ရ၏။ (၄)

ရဟန်းတို့ အကြင်အခါ၌ အရိယာသာဝကသည် ဤသူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော ဤဈာန်လေးပါးတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် မပင်မပန်း ရ၏။

ရဟန်းတို့ ထိုအခါ ဤအရိယာသာဝကကို မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်းဟူ၍လည်းကောင်း၊ ယုတ်မာသော မာရ်မင်းသည် အလိုရှိတိုင်း မပြုနိုင်သော ရဟန်းဟူ၍လည်းကောင်းဆိုအပ် ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။