အင်္ဂုတ္တရနိကာယ်

၁-ဓနဝဂ်

၇-ဥဂ္ဂသုတ်

၇။ ထိုအခါ ဥဂ္ဂမည်သော (ပသေနဒိကောသလ) မင်း၏ အမတ်ကြီးသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —

အသျှင်ဘုရား အံ့ဖွယ် ကောင်းလှပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏။ အသျှင်ဘုရားရောဟဏသူဌေး၏ မြေးဖြစ်သူ ဤမိဂါရသူဌေးသည် အလွန်ကြွယ်ဝ၏၊ အလွန်များသော ဥစ္စာ ရှိ၏၊ အလွန်များသော အသုံးအဆောင်ရှိ၏ဟု လျှောက်၏။

ဥဂ္ဂအမတ် ရောဟဏသူဌေး၏ မြေးဖြစ်သူ မိဂါရသူဌေးသည် အဘယ်မျှလောက် ကြွယ်ဝသနည်း၊ အဘယ်မျှလောက် များသော ဥစ္စာရှိသနည်း၊ အဘယ်မျှလောက် များသော အသုံးအဆောင်ရှိသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထိုသူဌေးအား ရွှေတို့သည်ပင် သိန်းပေါင်းတစ်ရာ ရှိပါ၏၊ ငွေအရေအတွက်အားဖြင့် ကားအဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟု (လျှောက်၏)။

ဥဂ္ဂအမတ် ထိုရွှေငွေစသောဥစ္စာသည် လောက၌ ရှိသည်သာတည်း၊ ထိုရွှေငွေစသော ဥစ္စာသည် မရှိဟုငါမဆို၊ ဥဂ္ဂအမတ် ထိုဥစ္စာသည်ကား မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံတို့နှင့်ဆက်ဆံ၏။

ဥဂ္ဂအမတ် ဤဥစ္စာခုနစ်မျိုးတို့သည်ကား မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံ တို့နှင့်မဆက်ဆံကုန်။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု ‘ဟိရီ’ ဥစ္စာ၊ ကြောက်လန့်မှု ‘သြတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ သိမှု ‘ပညာ’ ဥစ္စာတို့တည်း။

ဥဂ္ဂအမတ် ဤဥစ္စာခုနစ်မျိုးတို့သည်ကား မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံတို့ နှင့်မဆက်ဆံကုန်ဟု (မိန့်တော်မူ၏)။

ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု, ကြောက်လန့်မှု ‘ဟိရီ သြတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ ခုနစ်ခု မြောက် သိမှု ‘ပညာ’ ဥစ္စာတို့တည်း။ အကြင်မိန်းမအား ဖြစ်စေ အကြင်ယောကျာ်းအား ဖြစ်စေ ထိုသူတော်ကောင်းဥစ္စာ တို့သည် ရှိကုန်၏၊ ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောကျာ်းကို မဆင်းရဲ သော သူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သောသဒ္ဓါတရားကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်းအဖန်ဖန် အားထုတ်ရာ၏။

သတ္တမသုတ်။