အင်္ဂုတ္တရနိကာယ်
၇-မဟာဝဂ်
၆-သက္ကစ္စသုတ်
၇ဝ။ ထိုအခါ အသျှင်သာရိပုတြာအား ဆိတ်ငြိမ်ရာသို့ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေစဉ်ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်၏ —
“ရဟန်းသည် အဘယ်ကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကိုပယ်စွန့်နိုင်ရာသနည်း၊ ကုသိုလ်ကို ပွါးများနိုင်ရာသနည်း”ဟု (အကြံဖြစ်၏)။
ထိုနောက် အသျှင်သာရိပုတြာအား ဤအကြံသည် ဖြစ်ပြန်၏ —
ရဟန်းသည် မြတ်စွာဘုရားကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကိုပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကို ပွါးများနိုင်ရာ၏၊ ရဟန်းသည် တရားကို အရိုအသေပြု၍။ပ။ ရဟန်းသည်သံဃာကို။ပ။ ရဟန်းသည် ကျင့်သုံးမှု ‘သိက္ခာ’ ကို။ပ။ ရဟန်းသည် တည်ကြည်မှု ‘သမာဓိ’ ကို။ပ။ ရဟန်းသည် မမေ့လျော့မှု ‘အပ္ပမာဒ’ ကို။ပ။ ရဟန်းသည် အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’ ကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကို ပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကိုပွါးများနိုင်ရာ၏”ဟု (အကြံဖြစ်ပြန်၏)။
ထိုနောက် အသျှင်သာရိပုတြာအား ဤသို့ အကြံဖြစ်ပြန်၏ —
“ဤတရားတို့သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏၊ ငါသည် ဤတရားတို့ကို မြတ်စွာဘုရားအားသွား၍ လျှောက်ကြားရပါမူ ကောင်းလေရာ၏၊ ဤသို့ လျှောက်သည်ရှိသော် ငါ၏ ဤတရားတို့သည်စင်ကြယ်သည်လည်း ဖြစ်ကုန်လိမ့်မည်၊ အထူးသဖြင့် ဖြူစင်သည်လည်း ဖြစ်ကုန်လိမ့်မည်။ ဥပမာသော့်ကား ယောကျာ်းသည် စင်ကြယ်သော ဖြူစင်သော ရွှေစင်တစ်နိက္ခကို ရလေရာ၏၊ ထိုယောကျာ်းအားဤသို့ စိတ်အကြံဖြစ်ရာ၏၊ ငါ၏ ဤရွှေစင်တစ်နိက္ခသည် စင်ကြယ်၏၊ တောက်ပ၏၊ ငါသည် ဤရွှေစင်တစ်နိက္ခကို ပန်းထိမ်သည်တို့အား သွား၍ ပြရပါမူ ကောင်းလေရာ၏၊ ဤသို့ ပြသည်ရှိသော် ငါ၏ ဤရွှေစင်တစ်နိက္ခသည် ပန်းထိမ်သည်တို့၏ ဖိုဝသို့ ရောက်သည်ဖြစ်၍ စင်ကြယ်သည်လည်း ဖြစ်လိမ့်မည်၊ အထူးသဖြင့် စင်ကြယ်သည်လည်း ဖြစ်လိမ့်မည်ဟု (အကြံဖြစ်ရာ၏)၊ ထို့အတူ သာလျှင် ငါသည် တရားတို့ကို မြတ်စွာဘုရားအား သွား၍ လျှောက်ကြားရပါမူ ကောင်းလေရာ၏၊ ဤသို့ လျှောက်သည်ရှိသော်ဤတရားတို့သည် စင်ကြယ်သည်လည်း ဖြစ်ကုန်လိမ့်မည်၊ အထူးသဖြင့် စင်ကြယ်သည်လည်း ဖြစ်ကုန်လိမ့်မည်”ဟု (အကြံဖြစ်ပြန်၏)။
ထို့နောက် အသျှင်သာရိပုတြာသည် ညနေချမ်းအချိန်၌ တစ်ယောက်တည်း ကိန်းအောင်းရာမှ ထလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအားဤစကားကို လျှောက်၏ —
အသျှင်ဘုရား တပည့်တော်အား ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်း ကိန်းအောင်းနေစဉ် ဤသို့သောစိတ်အကြံဖြစ်ပါသည် —
“ရဟန်းသည် အဘယ်ကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကိုပယ်စွန့်နိုင်ရာသနည်း ကုသိုလ်ကို ပွါးများနိုင်ရာသနည်း”ဟု (အကြံဖြစ်ပေါ်ပါသည်)။
အသျှင်ဘုရား ထို့နောက် အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပြန်ပါသည် —
“ရဟန်းသည် မြတ်စွာဘုရားကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကိုပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကို ပွားများနိုင်ရာ၏၊ ရဟန်းသည် တရားကို အရိုအသေပြု၍။ပ။ ရဟန်းသည်သံဃာကို။ပ။ ရဟန်းသည် ကျင့်သုံးမှု ‘သိက္ခာ’ ကို။ပ။ ရဟန်းသည် တည်ကြည်မှု ‘သမာဓိ’ ကို။ပ။ ရဟန်းသည် မမေ့လျော့မှု ‘အပ္ပမာဒ’ ကို။ပ။ ရဟန်းသည် အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’ ကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကို ပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကို ပွားများနိုင်ရာ၏”ဟု (အကြံဖြစ်ပါသည်)။
အသျှင်ဘုရား ထို့နောက် အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပြန်ပါ၏—
“ဤတရားတို့သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏၊ ငါသည် ဤတရားတို့ကို မြတ်စွာဘုရားအားသွား၍ လျှောက်ကြားရပါမူ ကောင်းလေရာ၏၊ ဤသို့ လျှောက်သည်ရှိသော် ငါ၏ ဤတရားတို့သည်စင်ကြယ်သည်လည်း ဖြစ်ကုန်လိမ့်မည်၊ အထူးသဖြင့် ဖြူစင်သည်လည်း ဖြစ်ကုန်လိမ့်မည်။ ဥပမာသော်ကား ယောကျာ်းသည် စင်ကြယ်သော ဖြူစင်သော ရွှေစင်တစ်နိက္ခကို ရလေရာ၏၊ ထိုယောကျာ်းအားဤသို့ စိတ်အကြံ ဖြစ်ရာ၏၊ ငါ၏ ဤရွှေစင်တစ်နိက္ခသည် စင်ကြယ်၏၊ တောက်ပ၏၊ ငါသည် ဤရွှေစင်တစ်နိက္ခကို ပန်းထိမ်သည်တို့အား သွား၍ ပြရပါမူ ကောင်းလေရာ၏၊ ဤသို့ ပြသည်ရှိသော် ငါ၏ဤရွှေစင်တစ်နိက္ခသည် ပန်းထိမ်သည်တို့၏ ဖိုဝသို့ ရောက်သည်ဖြစ်၍ စင်ကြယ်သည်လည်း ဖြစ်လိမ့်မည်၊ အထူးသဖြင့် စင်ကြယ်သည်လည်း ဖြစ်လိမ့် မည်ဟု (အကြံဖြစ်ရာ၏)၊ ထို့အတူ ငါသည် တရားတို့ကိုမြတ်စွာဘုရားအား သွား၍ လျှောက်ကြားရပါမူ ကောင်းလေရာ၏၊ ဤသို့ လျှောက်သည် ရှိသော် ဤတရားတို့သည် စင်ကြယ်သည်လည်း ဖြစ်ကုန်လိမ့်မည်၊ အထူးသဖြင့် စင်ကြယ်သည်လည်း ဖြစ်ကုန်လိမ့်မည်”ဟု အကြံဖြစ်ပြန်ပါသည်ဟူ၍ (လျှောက်၏)။
သာရိပုတြာ ကောင်းစွ ကောင်းစွ၊ သာရိပုတြာ ရဟန်းသည် မြတ်စွာဘုရားကို အရိုအသေပြု၍အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကို ပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကို ပွားများနိုင်ရာ၏၊ သာရိပုတြာ ရဟန်းသည် တရားကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော်အကုသိုလ်ကို ပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကို ပွားများနိုင်ရာ၏၊ သံဃာကို။ပ။ ကျင့်သုံးမှု ‘သိက္ခာ’ ကို။ပ။
တည်ကြည်မှု ‘သမာဓိ’ ကို။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ’ ကို။ပ။ သာရိပုတြာ ရဟန်းသည် အစေ့အစပ်ပြုမှု’ပဋိသန္ထာရ’ ကို အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေသည်ရှိသော် အကုသိုလ်ကို ပယ်စွန့်နိုင်ရာ၏၊ ကုသိုလ်ကို ပွားများနိုင်ရာ၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည်ရှိသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
“အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏အနက်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် သိပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား၌ စင်စစ် ရိုသေခြင်းမရှိသော ထိုရဟန်းသည် တရားတော်၌ ရိုသေခြင်း ရှိလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ ရိုသေခြင်းမရှိသော ရဟန်းသည် တရားတော်၌လည်း ရိုသေခြင်းမရှိနိုင်ပါ။ (၁—၂)
အသျှင်ဘုရား မြတ်စွာဘုရားနှင့် တရားတော်၌ စင်စစ် ရိုသေခြင်းမရှိသော ထိုရဟန်းသည် သံဃာ၌ ရိုသေခြင်း ရှိလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ အသျှင်ဘုရား ဘုရား တရား၌ ရိုသေခြင်း မရှိသော ရဟန်းသည် သံဃာ၌လည်း ရိုသေခြင်း မရှိနိုင်ပါ။ (၃)
အသျှင်ဘုရား ဘုရား တရား သံဃာ၌ ရိုသေခြင်းမရှိသော ထိုရဟန်းသည် စင်စစ် ကျင့်သုံးမှု’သိက္ခာ’၌ ရိုသေခြင်း ရှိလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ အသျှင်ဘုရား ဘုရားတရား သံဃာ၌ ရိုသေခြင်းမရှိသော ရဟန်းသည် ကျင့်သုံးမှု ‘သိက္ခာ’၌လည်း ရိုသေခြင်း မရှိနိုင်ပါ။ (၄)
အသျှင်ဘုရား ဘုရား တရား သံဃာ သိက္ခာ၌ စင်စစ် ရိုသေခြင်းမရှိသော ထိုရဟန်းသည် တည်ကြည်မှု’သမာဓိ’၌ ရိုသေခြင်းရှိလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ အသျှင်ဘုရား ဘုရား တရားသံဃာ သိက္ခာ၌ ရိုသေခြင်းမရှိသော ရဟန်းသည် တည်ကြည်မှု ‘သမာဓိ’၌လည်း ရိုသေခြင်း မရှိနိုင်ပါ။ (၅)
အသျှင်ဘုရား ဘုရား တရား သံဃာ သိက္ခာ သမာဓိ၌ စင်စစ် ရိုသေခြင်းမရှိသော ထိုရဟန်းသည်မမေ့လျော့မှု ‘အပ္ပမာဒ’၌ ရိုသေခြင်းရှိလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ အသျှင်ဘုရားဘုရား တရား သံဃာ သိက္ခာ သမာဓိ၌ ရိုသေခြင်းမရှိသော ရဟန်းသည် မမေ့လျော့မှု ‘အပ္ပမာဒ’၌လည်း ရိုသေခြင်း မရှိနိုင်ပါ။ (၆)
အသျှင်ဘုရား ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ စင်စစ် ရိုသေခြင်းမရှိသောထိုရဟန်းသည် အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ ရိုသေခြင်းရှိလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည်မရှိနိုင်ပါ။ အသျှင် ဘုရားဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းမရှိသော ရဟန်းသည် အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌လည်း ရိုသေခြင်း မရှိနိုင်ပါ။ (၇)
အသျှင်ဘုရား စင်စစ် မြတ်စွာဘုရား၌ ရိုသေခြင်းရှိသော ထိုရဟန်းသည် တရား၌ ရိုသေခြင်းမရှိသူဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ အသျှင်ဘုရား ဘုရား၌ ရိုသေခြင်းရှိသောထိုရဟန်းသည် တရား၌လည်း ရိုသေခြင်း ရှိပါ၏။ပ။ (၁—၆)
အသျှင်ဘုရား စင်စစ် ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသော ရဟန်းသည် အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ ရိုသေခြင်းမရှိသူ ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည်မရှိနိုင်ပါ။ အသျှင်ဘုရား စင်စစ် ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသောရဟန်းသည် အစေ့အစပ်ပြုမှု၌လည်း ရိုသေခြင်း ရှိပါ၏။ (၇)
အသျှင်ဘုရား စင်စစ် မြတ်စွာဘုရား၌ ရိုသေခြင်းရှိသော ထိုရဟန်းသည် တရားတော်၌လည်းရိုသေခြင်းရှိသူဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်ပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၌ ရိုသေခြင်းရှိသော ရဟန်းသည် တရားတော်၌လည်း ရိုသေခြင်းရှိသူ ဖြစ်ပါ၏။ပ။ (၁—၆)
အသျှင်ဘုရား စင်စစ် ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသော ထိုရဟန်းသည် အစေ့အစပ်ပြုမှု၌ ရိုသေခြင်း ရှိသူဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်ပါ၏။ အသျှင်ဘုရား ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသော ရဟန်းသည်အစေ့အစပ်ပြုမှု၌ ရိုသေခြင်းရှိသူ ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်ပါ၏။ အသျှင်ဘုရားဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသော ရဟန်းသည် အစေ့အစပ်ပြုမှု၌လည်း ရိုသေခြင်းရှိသူဖြစ်နိုင်ပါ၏။ (၇)
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကိုဤသို့ အကျယ်အားဖြင့် အကျွန်ုပ် သိပါ၏”ဟု (လျှောက်၏)။
သာရိပုတြာ ကောင်းစွ ကောင်းစွ၊ သာရိပုတြာ ငါသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သောဤတရားတော်၏ အနက်ကို သင်သည် ဤသို့ အကျယ်အားဖြင့် ကောင်းစွာ သိရှိ၏။ သာရိပုတြာ စင်စစ်မြတ်စွာဘုရား၌ ရိုသေခြင်းမရှိသော ထိုရဟန်းသည် တရားတော်၌ ရိုသေခြင်းရှိသူ ဖြစ်လိမ့်မည်ဟူသောဤအကြောင်းမျိုးသည် မရှိနိုင်။ပ။
သာရိပုတြာ ဘုရား တရား သံဃာ သိက္ခာ သမာဓိ၌ ရိုသေခြင်းမရှိသော ထိုရဟန်းသည် မမေ့လျော့မှု’အပ္ပမာဒ’၌လည်း ရိုသေခြင်း မရှိနိုင်။ (၁—၆)
သာရိပုတြာ ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းမရှိသော ထိုရဟန်းသည်အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ ရိုသေခြင်းရှိသူ ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။ သာရိပုတြာ ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းမရှိသော ထိုရဟန်းသည် အစေ့အစပ်ပြုမှု၌လည်း ရိုသေခြင်း မရှိနိုင်။ (၇)
သာရိပုတြာ စင်စစ် မြတ်စွာဘုရား၌ ရိုသေခြင်းရှိသော ထိုရဟန်းသည် တရား၌ ရိုသေခြင်း မရှိသူဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ပါ။ပ။ သာရိပုတြာ ဘုရား၌ ရိုသေခြင်းရှိသောထိုရဟန်းသည် တရား၌လည်း ရိုသေခြင်း ရှိနိုင်၏။ပ။ (၁—၆)
သာရိပုတြာ စင်စစ် ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသောထိုရဟန်းသည် အစေ့အစပ်ပြုမှု၌ ရိုသေခြင်းရှိသူ ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။ သာရိပုတြာ ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသော ရဟန်းသည်အစေ့အစပ်ပြုမှု၌လည်း ရိုသေခြင်း ရှိနိုင်၏။ (၇)
သာရိပုတြာ မြတ်စွာဘုရား၌ ရိုသေခြင်းရှိသော ထိုရဟန်းသည် တရားတော်၌လည်း ရိုသေခြင်းရှိသူဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။ သာရိပုတြာ မြတ်စွာဘုရား၌ ရိုသေခြင်းရှိသော ရဟန်းသည် တရားတော်၌လည်း ရိုသေခြင်း ရှိနိုင်၏။ပ။ (၁—၆)
သာရိပုတြာ စင်စစ် ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသောထိုရဟန်းသည် အစေ့အစပ်ပြုမှု၌လည်း ရိုသေခြင်းရှိသူဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည်ရှိနိုင်၏။ သာရိပုတြာ ဘုရား တရား သံဃာ သိက္ခာ သမာဓိ အပ္ပမာဒ၌ ရိုသေခြင်းရှိသော ထိုရဟန်းသည် အစေ့အစပ်ပြုမှု၌လည်း ရိုသေခြင်း ရှိနိုင်၏။ (၇)
သာရိပုတြာ ငါဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့်ဤသို့ မှတ်သားအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။