အင်္ဂုတ္တရနိကာယ်

၇-မဟာဝဂ်

၇-ဘာဝနာသုတ်

၇၁။ ရဟန်းတို့ ပွါးများမှု ‘ဘာဝနာ’ ကို အားမထုတ်ဘဲ နေသော ရဟန်းအား “ငါ၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပါမူကား့ကောင်းလေစွ”ဟု ဤသို့ လိုချင်တောင့်တမှုဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့်တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်နိုင်ချေ။

ထိုသို့ မလွတ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုတရားကို ပွါးများမှု မရှိသောကြောင့်ဟု ဆိုအပ်၏။

အဘယ်တရားတို့ကို ပွါးများမှု မရှိသောကြောင့်နည်းဟူမူ —

သတိတည်းဟူသော တည်ရာ ‘သတိပဋ္ဌာန်’ လေးပါး။

ကောင်းစွာ အားထုတ်မှု’သမ္မပ္ပဓာန်’ လေးပါး။

ပြည့်စုံမှု အကြောင်း ‘ဣဒ္ဓိပါဒ်’ လေးပါး။

အစိုးရမှု ‘ဣန္ဒြေ’ ငါးပါး။

မတုန်လှုပ်မှု ‘ဗိုလ်’ ငါးပါး။

သိခြင်းအကြောင်း ‘ဗောဇ္ဈင်’ ခုနစ်ပါး။

မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှု မရှိသောကြောင့်ပင်တည်း)။

ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ရှစ်လုံး ဆယ်လုံး တစ်ဆယ့်နှစ်လုံးကုန်သော ဥတို့သည်ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာ မဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာအငွေ့ကို မပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) မထုံစေအပ်ကုန်သည်ရှိသော်ထိုကြက်မအား “ငါ၏ ကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်း ဥခွံကို ဖောက်ခွဲပြီးလျှင် ချမ်းသာစွာ ပေါက်ဖွားပါမူကား ကောင်းလေစွ”ဟု ဤသို့လိုချင်တောင့်တမှု ဖြစ်ပါသော်လည်း ထိုကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်း ဥခွံကို ဖောက်ခွဲပြီးလျှင် ချမ်းသာစွာ ပေါက်ဖွားရန်မထိုက်သည်သာလျှင်တည်း။ ထိုသို့ မထိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ကြက်မသည် (မိမိ၏) ဥတို့ကို ကောင်းစွာ မဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ကိုမပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ ကြက်နံ့ကို မထုံစေအပ်ကုန်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူသာလျှင် ပွါးများမှု ‘ဘာဝနာ’ ကို အားမထုတ်ဘဲ နေသော ရဟန်းအား “ငါ၏စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှလွတ်ပါမူကား ကောင်းလေစွ”ဟု ဤသို့ လိုချင်တောင့်တမှုဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည်မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်။ ထိုသို့ မလွတ်ခြင်းသည် အဘယ့်အကြောင်းကြောင့်နည်း၊ ထိုတရားတို့ကို ပွါးများမှု မရှိသောကြောင့်ဟု ဆိုအပ်၏။ အဘယ်တရားတို့ကို ပွါးများမှု မရှိသောကြောင့်နည်းဟူမူ —

သတိတည်းဟူသော တည်ရာ ‘သတိပဋ္ဌာန်’ လေးပါး။

ကောင်းစွာ အားထုတ်မှု’သမ္မပ္ပဓာန်’ လေးပါး။

ပြည့်စုံမှု အကြောင်း ‘ဣဒ္ဓိပါဒ်’ လေးပါး။

အစိုးရမှု ‘ဣန္ဒြေ’ ငါးပါး။

မတုန်လှုပ်မှု ‘ဗိုလ်’ ငါးပါး။

သိခြင်းအကြောင်း ‘ဗောဇ္ဈင်’ ခုနစ်ပါး။

မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှု မရှိသောကြောင့်ပင်တည်း)။

ရဟန်းတို့ ပွါးများမှု ‘ဘာဝနာ’ ကို အားထုတ်လျက် နေသော ရဟန်းအား “ငါ၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပါမူကားကောင်းလေစွ”ဟု ဤသို့ လိုချင်တောင့်တမှု မဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည် မစွဲလမ်းမူ၍အာသဝေါတရားတို့မှ လွတ်၏။ ထိုသို့ လွတ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုတရားတို့ကို့ပွါးများမှုရှိသောကြောင့်ဟု ဆိုအပ်၏။ အဘယ်တရားတို့ကို ပွါးများမှုရှိသောကြောင့်နည်းဟူမူ —

သတိတည်းဟူသော တည်ရာ ‘သတိပဋ္ဌာန်’ လေးပါး။

ကောင်းစွာ အားထုတ်မှု’သမ္မပ္ပဓာန်’ လေးပါး။

ပြည့်စုံမှု အကြောင်း ‘ဣဒ္ဓိပါဒ်’ လေးပါး။

အစိုးရမှု ‘ဣန္ဒြေ’ ငါးပါး။

မတုန်လှုပ်မှု ‘ဗိုလ်’ ငါးပါး။

သိခြင်းအကြောင်း ‘ဗောဇ္ဈင်’ ခုနစ်ပါး။

မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှုရှိသောကြောင့်ပင်တည်း)။

ရဟန်းတို့ ဥပမာသော်ကား ကြက်မ၌ ရှစ်လုံး ဆယ်လုံး တစ်ဆယ့်နှစ်လုံးကုန်သော ဥတို့သည်ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ကိုပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်သည်ရှိသော် ထိုကြက်မအား—

“ငါ၏ ကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်း ဥခွံကိုဖောက်ခွဲ၍ ချမ်းသာစွာ ပေါက်ဖွားပါမူကား ကောင်းလေစွ”ဟု ဤသို့ လိုချင်တောင့်တမှုမဖြစ်သော်လည်း ထိုကြက်ငယ်တို့သည် ခြေသည်းဖျားဖြင့်လည်းကောင်း၊ နှုတ်သည်းဖျားဖြင့်လည်းကောင်းဥခွံကို ဖောက်ခွဲ၍ ချမ်းသာစွာ ပေါက်ဖွားရန် ထိုက်သည်သာလျှင်တည်း။ ထိုသို့ ထိုက်ခြင်းသည်အဘယ်အကြောင်းကြောင့် နည်း၊ ရဟန်းတို့ ကြက်မသည် (မိမိ၏) ဥတို့ကို ကောင်းစွာ ဝပ်အပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ကို ပေးအပ်ကုန်၊ ထက်ဝန်းကျင်မှ ကောင်းစွာ ကြက်နံ့ကိုထုံစေအပ်ကုန်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူသာလျှင် ပွါးများမှု ‘ဘာဝနာ’ ကို အားထုတ်လျက် နေသော ရဟန်းအား “ငါ၏စိတ်သည် (တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှလွတ်ပါမူကား ကောင်းလေစွ”ဟု ဤသို့ လိုချင်တောင့်တမှု မဖြစ်သော်လည်း ထိုရဟန်း၏ စိတ်သည်မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်၏။

ထိုသို့ လွတ်ခြင်းသည် အဘယ့်အကြောင်းကြောင့်နည်း၊ ပွါးများမှု ရှိသောကြောင့်ဟု ဆိုအပ်၏။ အဘယ်တရားတို့ကို ပွါးများမှုရှိသောကြောင့်နည်းဟူမူ —

သတိတည်းဟူသော တည်ရာ ‘သတိပဋ္ဌာန်’ လေးပါး။ပ။

မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ် (ဤတရားတို့ကို ပွါးများမှု ရှိသောကြောင့်ပင်တည်း)။

ရဟန်းတို့ ဥပမာသော်ကား လက်သမား၏သော်လည်းကောင်း၊ လက်သမားတပည့်၏သော်လည်းကောင်း ပဲခွပ်ရိုး၌ လက်ချောင်းရာတို့သည် ထင်ကုန်၏၊ လက်မရာသည် ထင်၏၊ ထိုလက်သမားအား”ယနေ့ ငါ၏ ပဲခွပ်ရိုးသည် ဤမျှလောက်ကုန်ခဲ့၏၊ ယမန်နေ့ကမူကား ဤမျှအထိကုန်ခဲ့၏၊ အခြားနေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏”ဟု သိသော ဉာဏ်သည် မဖြစ်ပေ၊ စင်စစ်မူကား ထိုလက်သမားအားကုန်ပြီးသော ပဲခွပ်ရိုး၌ “ကုန်ပြီ”ဟူ၍သာလျှင် အသိဉာဏ် ဖြစ်၏၊ ရဟန်းတို့ ဤအတူသာလျှင်ပွါးများမှု ‘ဘာဝနာ’ ကို အားထုတ်၍နေသော ရဟန်းအား “ယနေ့ ငါ့အား အာသဝေါတရားတို့ကုန်မှုသည် ဤမျှလောက်ရှိ၏၊ ယမန်နေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏၊ အခြားနေ့ကမူကား ဤမျှလောက်ကုန်ခဲ့၏”ဟု အသိဉာဏ် မဖြစ်ပေ၊ စင်စစ်မူ ထိုရဟန်းအား အာသဝေါတရားကုန်ရာ၌ “ကုန်ပြီ”ဟူ၍သာလျှင် အသိဉာဏ် ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား ကြိမ်ဖြင့် ဖွဲ့နှောင်ကာ ခြောက်လတို့ပတ်လုံး ရေ၌ လှည့်လည်သွား လာ၍ဆောင်းအခါကုန်း၌ တင်ထားအပ်သော သမုဒ္ဒရာသွား လှေ၌ လေနေပူတို့ တွေ့ထိ နှိပ်စက်အပ်ကုန်သော ကြိမ်ဖွဲ့တို့သည် ပြင်းထန်သော မိုးအလွန်ရွာသွန်းအပ်သည်ဖြစ်၍ မခက်ခဲဘဲသာလျှင် ဆုတ့်ယုတ်ကုန်၏၊ ဆွေးမြေ့ကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် ပွါးများမှု ‘ဘာဝနာ’ ကို အားထုတ်၍နေသော ရဟန်းအား မခက်ခဲဘဲ သံယောဇဉ်တို့သည် ငြိမ်းအေးကုန်၏၊ ဆွေးမြေ့ခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။