အင်္ဂုတ္တရနိကာယ်

၇-မဟာဝဂ်

၈-အဂ္ဂိက္ခန္ဓောပမသုတ်

၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီကြွတော်မူ၏။ မြတ်စွာဘုရားသည် ဒေသစာရီကြွသွားတော်မူသည်ရှိသော် တစ်ခုသောအရပ်၌ တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော မီးပုံကြီးကို မြင်တော်မူ၍လမ်းခရီးမှ ဖဲပြီးလျှင် သစ်ပင်ရင်းဝယ် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို —

“ရဟန်းတို့ သင်တို့သည် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော ဤမီးပုံကြီးကို မြင်ကြကုန်၏လော”ဟု မေးတော်မူ၏။

အသျှင်ဘုရား မြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအရာကို မည်သို့ မှတ်ထင်ကြကုန်သနည်း၊ တပြောင်ပြောင် တောက်လောင်လျက်အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော ဤမီးပုံကြီးကို ဖက်ပြီးလျှင် မှီ၍မူလည်း ထိုင်နေရာ၏၊ အနီးသို့မူလည်း ကပ်၍ အိပ်ရာ၏၊ နူးညံ့နုနယ်သော လက်ခြေရှိသော မင်းမျိုးသတို့သမီးကိုသော်လည်းကောင်း၊ ပုဏ္ဏားမျိုးသတို့သမီးကိုသော်လည်းကောင်း၊ သူဌေးမျိုးသတို့သမီးကိုသော်လည်းကောင်း လည်ကိုဖက်၍ အနီး၌ မူလည်း ထိုင်နေရာ၏၊ အနီး၌ မူလည်း ကပ်၍ အိပ်ရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်လေသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား နူးညံ့နုနယ်သော လက်ခြေရှိသော မင်းမျိုးသတို့သမီးကိုသော်လည်းကောင်း၊ ပုဏ္ဏားမျိုးသတို့သမီးကိုသော်လည်းကောင်း၊ သူဌေးမျိုးသတို့သမီးကိုသော်လည်းကောင်း ဖက်၍ အနီး၌ ထိုင်နေခြင်း၊ အနီးသို့ ကပ်၍ အိပ်ခြင်းသည်သာလျှင် မြတ်လှပါ၏၊ အသျှင်ဘုရား တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော မီးပုံကြီးကို ဖက်၍ အနီး၌ ထိုင်နေခြင်း၊ အနီးသို့ ကပ်၍ အိပ်ခြင်းသည် ဆင်းရဲလှပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့ သိစေအံ့၊ ယုတ်ညံ့သော သဘောရှိသော၊ မစင်မကြယ်စက်ဆုပ်ရွံရှာဖွယ် အကျင့်ရှိသော၊ ဖုံးလွှမ်းအပ်သော မကောင်းမှုရှိသော၊ ရဟန်းမဟုတ်ဘဲလျက် ငါရဟန်းဟု ဝန်ခံသော၊ မြတ်သောအကျင့်ကို မကျင့်ဘဲလျက် မြတ်သောအကျင့်ကို ကျင့်သည်ဟု ဝန်ခံသော၊ အတွင်း၌ (ကိလေသာတို့ဖြင့်) ပုပ်သော၊ (ကိလေသာတို့ဖြင့်) စိုစွတ်သော၊ ယောက်သွားပုပ်နှင့်တူသောသဘောရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့် တကွမီးတောက်နှင့်တကွ ဖြစ်သော မီးပုံကြီးကို ဖက်၍ အနီး၌ ထိုင်နေခြင်း၊ အနီးသို့ ကပ်၍ အိပ်ခြင်းကသာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုရဟန်းသည် ထိုမီးပုံကြီးကို ဖက်၍ အနီး၌ ထိုင်နေခြင်း၊ အနီးသို့ ကပ်၍ အိပ်ခြင်းဟူသောအကြောင်းကြောင့် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့မူလည်းရောက်ရာ၏၊ ထိုမီးပုံကြီးကို ဖက်၍ အနီး၌ ထိုင်နေခြင်း၊ အနီးသို့ ကပ်၍ အိပ်ခြင်းဟူသောအကြောင်း ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။ ရဟန်းတို့ ယုတ်ညံ့သော သဘောရှိ၍ မစင်ကြယ်သော၊ စက်ဆုပ်ရွံရှာအပ်သော အကျင့်ရှိသော။ပ။ (ကိလေသာတို့ဖြင့်) စိုစွတ်သော၊ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား နူးညံ့နုနယ်သောလက်ခြေရှိသော မင်းမျိုး သတို့သမီးကိုသော်လည်းကောင်း၊ ပုဏ္ဏားမျိုးသတို့သမီးကိုသော်လည်းကောင်း၊ သူဌေးမျိုးသတို့သမီးကိုသော်လည်းကောင်း ဖက်၍ အနီး၌ ထိုင်နေခြင်း၊ အနီးသို့ ကပ်၍ အိပ်ခြင်းသည်ကာလကြာမြင့်စွာ စီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၁)

ရဟန်းတို့ ထိုအရာကို မည်သို့ မှတ်ထင်ကြကုန်သနည်း၊ ခွန်အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သော သားမြီးကြိုးဖြင့် ခြေသလုံးနှစ်ဖက်တို့ကို ရစ်ပတ်၍ ပွတ်တိုက်ရာ၏၊ ထိုသားမြီးကြိုးသည်အပေါ်အရေကို ဖြတ်ရာ၏၊ အပေါ်အရေကို ဖြတ်ပြီးလျှင် အတွင်းအရေကို ဖြတ်ရာ၏၊ အတွင်းအရေကိုဖြတ်ပြီးလျှင် အသားကို ဖြတ်ရာ၏၊ အသားကို ဖြတ်ပြီးလျှင် အကြောကို ဖြတ်ရာ၏၊ အကြောကိုဖြတ်ပြီးလျှင် အရိုးကို ဖြတ်ရာ၏၊ အရိုးကို ဖြတ်ပြီးလျှင်ရိုးတွင်းချဉ်ဆီကို ထိလျက် တည်ရာ၏၊ မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ရှိခိုးခြင်းကို သာယာရာ၏။ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ပုဏ္ဏား မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ရှိခိုးခြင်းကို သာယာခြင်းသည်သာလျှင် မြတ်ပါ၏၊ အသျှင် ဘုရား ခွန်အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သော သားမြီးကြိုးဖြင့်။ပ။ ရိုးတွင်းချဉ်ဆီကိုထိ၍ တည်ခြင်းသည် ဆင်းရဲလှပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ ယုတ်ညံ့သော သဘောရှိ၍။ပ။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုဒုဿီလ ပုဂ္ဂိုလ်အား ခွန်အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သောသားမြီးကြိုးဖြင့် ခြေသလုံးနှစ်ဖက်တို့ကို ရစ်ပတ်၍။ပ။ ရိုးတွင်းချဉ်ဆီကို ထိ၍ တည်ခြင်းသည်သာလျှင်မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုသားမြီးကြိုးဖြင့် ခြေသလုံးကို ပွတ်တိုက်ခြင်းဟူသော အကြောင်းကြောင့် ထိုရဟန်း သည်သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့မူလည်း ရောက်ရာ၏၊ ထိုသားမြီးကြိုးဖြင့် ခြေသလုံးကို ပွတ်တိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍သေပြီး သည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကားမကျရောက်ရာ။

ရဟန်းတို့ သီလမရှိကုန်သော။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ထိုပုဂ္ဂိုလ်အားမင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သောသူတို့၏သော်လည်းကောင်း ရှိခိုးခြင်းကို သာယာခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန်ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၂)

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ခွန်အားရှိသော ယောကျာ်းသည် ဆီဖြင့်ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ ထိုးဆွရာ၏။ မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ် ရှိကုန်သောသူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း လက်အုပ်ချီခြင်းကို သာယာရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း လက်အုပ်ချီခြင်းကို သာယာခြင်းသည်သာလျှင် မြတ်လှပါ၏၊ အသျှင်ဘုရား ခွန်အားရှိသော ယောကျာ်းသည် ဆီဖြင့် ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ ထိုးဆွခြင်းသည်ကား ဆင်းရဲလှပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသောသီလမရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောကျာ်းသည် ဆီဖြင့် ကျောက်တုံး၌ သွေးအပ်သော ထက်မြက်သော လှံမဖြင့် ရင်ဝ၌ ထိုးဆွခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုလှံမဖြင့် ရင်ဝသို့ ထိုးဆွခြင်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့မူလည်း ရောက်ရာ၏၊ ထိုလှံမဖြင့် ရင်ဝ၌ ထိုးဆွခြင်း အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ ယုတ်ညံ့သော သဘောရှိသော။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ပုဂ္ဂိုလ် အားမင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍များသောဥစ္စာနှစ် ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း လက်အုပ်ချီခြင်းကို သာယာခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၃)

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

ခွန်အားရှိသော ယောကျာ်းသည် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွမီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ရာ၏။ မင်းမျိုး၌ ဖြစ်၍များသောဥစ္စာနှစ် ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း။ပ။ ယုံကြည်မှုဖြင့် ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်ခြင်းသည်သာလျှင် မြတ်ပါ၏။ ခွန်အားရှိသော ယောကျာ်းသည် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွမီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းသည်ဆင်းရဲလှပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသောထိုပုဂ္ဂိုလ်အား ခွန်အားရှိသော ယောကျာ်းသည် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွမီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုလောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းဟူသော အကြောင်းကြောင့်ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုလောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းတည်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာငရဲသို့မူကား မကျရောက်ရာ။

ရဟန်းတို့ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော။ပ။ ပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သောသူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်ခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၄)

ရဟန်းတို့ ထိုအရာကို မည်သို့ မှတ်ထင်ကြကုန်သနည်း။

ခွန်အားရှိသော ယောကျာ်းသည် လောလောပူသော သံကောက်ဖြင့် ခံတွင်းကို ဖွင့်ပြီးလျှင် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသောသံတွေခဲ ကို ခံတွင်း၌ ထည့်သွင်းရာ၏၊ ထိုလောလောပူသော သံတွေခဲသည် အထည့်ခံရသော ထိုသူ၏နှုတ်ခမ်းကိုလည်း လောင်ရာ၏၊ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်း လောင်ရာ၏၊ လည်ချောင်းကိုလည်း လောင်ရာ၏၊ ရင်ကိုလည်း လောင်ရာ၏၊ အူမကိုလည်းကောင်း၊ အူသိမ်ကိုလည်းကောင်း ယူ၍ အောက် ဖက်မှ ထွက်လေရာ၏။ မင်းမျိုး၌ ဖြစ်၍များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သောသူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ဆွမ်းကို သုံးဆောင်ရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ဆွမ်းကို သုံးဆောင်ခြင်းသည်သာလျှင် မြတ်ပါ၏။

ခွန်အားရှိသော ယောကျာ်းသည် လောလောပူသော သံကောက်ဖြင့် ခံတွင်းကို ဖွင့်ပြီးလျှင် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသောသံတွေခဲကို ခံတွင်း၌ ထည့်သွင်းရာ၏၊ ထိုလောလောပူသော သံတွေခဲသည် အထည့်ခံရသော ထိုသူ၏နှုတ်ခမ်းကိုလည်း လောင်ရာ၏၊ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်း လောင်ရာ၏၊ လည်ချောင်းကိုလည်း လောင်ရာ၏၊ ရင်ကိုလည်း လောင်ရာ၏၊ အူမကိုလည်းကောင်း၊ အူသိမ်ကိုလည်းကောင်း ယူ၍အောက်ဖက်မှ ထွက်လေရာ၏၊ ဤသံတွေခဲကို ထည့်သွင်းခံရခြင်းသည်ကား ဆင်းရဲလှပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသောထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောကျာ်းသည် လောလောပူသော သံကောက်ဖြင့် ခံတွင်းကိုဖွင့်၍် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သောလောလောပူသော သံတွေခဲကို ခံတွင်း၌ ထည့်ရာ၏၊ ထိုသံတွေခဲသည် အထည့်ခံရသော ထိုသူ၏့နှုတ်ခမ်းကိုလည်း လောင် ရာ၏၊ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်း လောင်ရာ၏၊ လည်ချောင်းကိုလည်း လောင်ရာ၏၊ ရင်ကိုလည်း လောင်ရာ၏၊ အူမကိုလည်းကောင်း၊ အူသိမ်ကိုလည်းကောင်း ယူ၍ အောက်ဖက်မှ ထွက်လေ ရာ၏၊ ဤလောလောပူသော သံတွေခဲကိုထည့်သွင်းခံရခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုသံတွေခဲကို ထည့်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုသံတွေခဲကို ထည့်ခြင်းတည်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ ယုတ်ညံ့သော သဘောရှိသော။ပ။ ယောက်သွားပုပ်ကဲ့သို့ သဘောရှိသော ပုဂ္ဂိုလ်အားမင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သောသူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ဆွမ်းကို သုံးဆောင်ခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၅)

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

ခွန်အားရှိသော ယောကျာ်းသည် ဦးခေါင်း၌ ဖြစ်စေ ပခုံး၌ ဖြစ်စေ ဆွဲကိုင်၍ လောလောပူသော သံညောင်စောင်းကိုသော်လည်းကောင်း၊ သံအင်းပျဉ်ကိုသော်လည်းကောင်း ဖိ၍မူလည်း ထိုင်စေရာ၏၊ ဖိ၍မူလည်း အိပ်စေရာ၏။ မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ညောင်စောင်း အင်းပျဉ်ကို သုံးဆောင်ရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏား မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ညောင်စောင်းအင်းပျဉ်ကို သုံးဆောင်ခြင်းသည်သာလျှင် မြတ်ပါ၏။

အသျှင်ဘုရား ခွန်အားရှိသော ယောကျာ်းသည် ဦးခေါင်း၌ ဖြစ်စေ ပခုံး၌ ဖြစ်စေ ဆွဲကိုင်၍ လောလောပူသော သံညောင်စောင်းကိုသော်လည်းကောင်း၊ သံအင်းပျဉ်ကိုသော်လည်းကောင်း ဖိ၍မူလည်းထိုင်စေရာ၏၊ ဖိ၍မူလည်း အိပ်စေရာ၏၊ ထိုထိုင်ရခြင်း အိပ်ရခြင်းသည် ဆင်းရဲလှပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသောထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောကျာ်းသည် ဦးခေါင်း၌ ဖြစ်စေ ပခုံး၌ ဖြစ်စေ ဆွဲကိုင်၍လော လောပူသော သံညောင်စောင်းကိုသော်လည်းကောင်း၊ သံအင်းပျဉ်ကိုသော်လည်းကောင်း ဖိ၍မူလည်းထိုင်စေရာ၏၊ ဖိ၍ မူလည်း အိပ်စေရာ၏၊ ထိုသို့ ထိုင်ရခြင်း အိပ်ရခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုအိပ်ရခြင်း ထိုင်ရခြင်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်းရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုအိပ်ခြင်း ထိုင်ခြင်းဟူသောအကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ ယုတ်မာသော သဘောရှိသော။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ထိုပုဂ္ဂိုလ်အားမင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ညောင်စောင်း အင်းပျဉ်ကိုသုံးဆောင်ခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာငရဲသို့ ကျရောက်ရ၏။ (၆)

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

ခွန်အားရှိသော ယောကျာ်းသည် ခြေကား မိုးမျှော် ဦးခေါင်းစောက်ထိုး ဆွဲကိုင်၍ တပြောင်ပြောင်တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော ကြေးအိုး၌ ထည့်ရာ၏၊ ထိုအထည့်ခံရသော သူသည် ထိုကြေးအိုး၌ အမြှုပ်ကို ဖြစ်စေ၍ ကျက်ပြီးလျှင် တစ်ကြိမ်လည်း အထက်သို့ တက်ရာ၏၊ တစ်ကြိမ်လည်း အောက်သို့ ဆင်းရာ၏၊ တစ်ကြိမ်လည်း ဘေးသို့ရောက်ရာ၏၊ မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ခြင်းသည်သာလျှင် မြတ်ပါ၏။ ခွန်အားရှိသော ယောကျာ်းသည် ခြေကား မိုးမျှော် ဦးခေါင်းစောက်ထိုးဆွဲကိုင်၍ တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သောလောလောပူသော ကြေးအိုး၌ ထည့်ရာ၏၊ ထိုအထည့်ခံရသော သူသည် ထိုကြေးအိုး၌ အမြှုပ်ကိုဖြစ်စေ၍ ကျက်ပြီးလျှင် တစ်ကြိမ်လည်း အထက်သို့ တက်ရာ၏၊ တစ်ကြိမ်လည်း အောက်သို့ဆင်းရာ၏၊ တစ်ကြိမ်လည်း ဘေးသို့ ရောက်ရာ၏၊ ဤသို့ ဖြစ်ရခြင်းသည် ဆင်းရဲပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ မကောင်းသော သဘောရှိသော။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောကျာ်းသည် ခြေကား မိုးမျှော် ဦးခေါင်းစောက်ထိုးဆွဲကိုင်၍။ပ။ တစ်ကြိမ်လည်း ဘေးသို့ ရောက်ရာ၏၊ ဤသို့ ဖြစ်ရခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုလောလောပူသော ကြေးအိုး၌ ထည့်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုကြေးအိုး၌ ထည့်ခြင်းတည်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ မကောင်းသော သဘောရှိသော။ပ။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသောထိုပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ့်ရှိကုန်သော သူတို့၏သော်လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ခြင်းသည်သာလျှင် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၇)

ရဟန်းတို့ ထို့ကြောင့် ဤသို့ ကျင့်ရမည်။

“ငါတို့သည် အကြင်ဒါယကာတို့၏ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို သုံးဆောင်ကုန်၏၊ ထိုဒါယကာတို့ ပြုအပ်သော ကောင်းမှုတို့သည် အကျိုးအာနိသင်ကြီးမားကုန်လိမ့်မည်၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း အကျိုးရှိသည် တိုးပွါးခြင်းရှိသည် ဖြစ်၍မမြုံသည် ဖြစ်ပေလိမ့်မည်”ဟု (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။ ရဟန်းတို့ မိမိအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း။

ရဟန်းတို့ သူတစ်ပါးအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့်ပြည့်စုံရန် သင့်သည်သာတည်း။

ရဟန်းတို့ အကျိုးနှစ်ပါးစုံကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့် ပြည့်စုံရန်သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊ ဤဝေယျာကရိုဏ်းဒေသနာကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်သော ရဟန်းတို့အား ပူသောနှလုံးသွေးသည် ခံတွင်းမှ အံထွက်၏၊ ခြောက်ကျိပ်သော ရဟန်းတို့သည် “မြတ်စွာဘုရား အလွန်ပြုနိုင်ခဲပါ၏၊ မြတ်စွာဘုရား အလွန်ပြုနိုင်ခဲပါ၏”ဟုလျှောက်ပြီးလျှင် သိက္ခာချ၍ လူထွက်ကြကုန်၏၊ ခြောက်ကျိပ်သော ရဟန်းတို့အား (တဏှာဒိဋ္ဌိအားဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်တို့သည် လွတ်မြောက်ကြလေကုန်သတည်း။

အဋ္ဌမသုတ်။