အင်္ဂုတ္တရနိကာယ်

၇-မဟာဝဂ်

၉-သုနေတ္တသုတ်

၇၃။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား အယူဝါဒတီထွင်သော ကာမဂုဏ်တို့၌ (ဝိက္ခမ္ဘနပဟာန် အားဖြင့်) စွဲမက်မှုကင်းသော သုနေတ္တမည်သော ဆရာသည် ဖြစ်ပေါ်ဖူး၏။ ရဟန်းတို့ သုနေတ္တဆရာအားတပည့်ရာပေါင်း များစွာတို့ ရှိကုန်၏၊ သုနေတ္တဆရာသည် တပည့်တို့အား ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟော၏၊ ရဟန်းတို့ သုနေတ္တဆရာသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော် မကြည်ညိုစိတ်ရှိသည့် တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာပျက်စီး၍ ကျရောက်ရာ ငရဲ၌ ဖြစ်ကုန်၏။ ရဟန်းတို့ သုနေတ္တဆရာသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော် ကြည်ညိုစိတ်ရှိသည့် တပည့်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကုန်၏။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား မူဂပက္ခမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ။ပ။ အရနေမိမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ။ပ။ ကုဒ္ဒါလကမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ။ပ။ ဟတ္ထိပါလမည် သော ဆရာကြီးသည် ဖြစ်ပေါ်ဖူးပြီ။ပ။ ဇောတိပါလမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ။ပ။ အယူဝါဒကို တီထွင်သော ကာမဂုဏ်တို့၌ ဝိက္ခမ္ဘနပဟာန်အားဖြင့် စွဲမက်မှုကင်းသော အရကမည်သောဆရာသည် ဖြစ်ပေါ်ဖူးပြီ။ ရဟန်းတို့ အရကဆရာအား တပည့်ရာပေါင်းများစွာတို့ ရှိကုန်၏၊ အရကဆရာသည် တပည့်တို့အား ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟော၏၊ ရဟန်းတို့ အရကဆရာသည်ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော် မကြည်ညိုစိတ်ရှိကြသည့် တပည့်တို့သည် ခန္ဓာကိုယ့်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာငရဲ၌ ဖြစ်ကုန်၏။ ရဟန်း တို့ အရကဆရာသည် ဗြဟ္မာ့ပြည်၌ ဖြစ်ရန် တရားဟောသည်ရှိသော်ကြည်ညိုစိတ်ရှိသည့် တပည့်တို့ သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာနတ်ပြည်၌ ဖြစ်ကုန်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

အယူဝါဒတီထွင်ကုန်သော ကာမဂုဏ်တို့၌ စွဲမက်မှုကင်းကုန်သော တပည့်အခြံအရံ ရာပေါင်းများစွာရှိကုန်သော တပည့်အပေါင်းနှင့်တကွ ဖြစ်ကုန်သော ဤဆရာခုနစ်ယောက်တို့ကို ပြစ်မှားလိုသော စိတ်ဖြင့်ဆဲရေးခြိမ်းခြောက်သူသည် များစွာသော မကောင်းမှုကို ပွါးစေရာအံ့လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ပွါးစေရာပါ၏။

ရဟန်းတို့ အယူဝါဒကို တီထွင်ကုန်သော ကာမဂုဏ်တို့၌ စွဲမက်မှုကင်းကုန်သော တပည့်အခြံအရံရာပေါင်းများစွာ ရှိကုန်သော တပည့်အပေါင်းနှင့်တကွ ဖြစ်ကုန်သော ဤဆရာခုနစ်ယောက်တို့ကို ပြစ်မှားလိုသော စိတ်ဖြင့် ဆဲရေးခြိမ်းခြောက်သူသည် များစွာသော မကောင်းမှုတို့ကို ဖြစ်ပွါးစေရာ၏။

ဉာဏ်အမြင် (သောတာပတ္တိမဂ်) နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးကို ပြစ်မှားလိုသော စိတ်ဖြင့်ဆဲရေးခြိမ်းခြောက်သည့် ပုဂ္ဂိုလ်သည် ထိုရှေးပုဂ္ဂိုလ်တို့ထက် မကောင်းမှုကို သာ၍ များစွာ ပွါးစေ၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ သီတင်းသုံးဖော်တို့၌ ဤဆဲရေးခြိမ်းခြောက်မှုမျိုးကို မိမိကိုယ်ကို တူးဖြို၏ဟု ဟောသကဲ့သို့ ဤသာသနာတော်အပ၌ ဤသို့သဘောရှိသော ဆဲရေးခြိမ်းခြောက်မှုမျိုးကို မိမိကိုယ်ကိုတူးဖြို၏ဟု ငါမဆို၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်”သီတင်းသုံးဖော်တို့၌ ငါတို့၏ စိတ်တို့သည် ပြစ်မှားကြလိမ့်မည် မဟုတ်ကုန်”ဟု (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။