အင်္ဂုတ္တရနိကာယ်

၈-ဝိနယဝဂ်

၁-ပဌမ ဝိနယဓရသုတ်

၇၅။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဝိနည်းဓိုရ်ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏၊ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဝိနည်းဓိုရ်ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။