အင်္ဂုတ္တရနိကာယ်

၈-ဝိနယဝဂ်

၉-သတ္ထုသာသနသုတ်

၈၃။ ထိုအခါ၌ အသျှင်ဥပါလိမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်ကို ကြားနာရ၍တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်သည် တည်ကြည်သောစိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ဟု (လျှောက်၏)။

ဥပါလိ “ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာချုပ်ငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးကို ထိုးထွင်း၍ သိရန် မဖြစ်ကုန်၊ နိဗ္ဗာန်အလို့ငှါ မဖြစ်ကုန်”ဟူ၍သင်သည် အကြင်တရားတို့ကို သိရာ၏။ ဥပါလိ “ဤသို့သော တရားသည် ဓမ္မ မမည်၊ ဤသို့ သောတရားသည် ဝိနယ မမည်၊ ဤသို့သော တရားသည် မြတ်စွာဘုရား အဆုံးအမတော် မဟုတ်”ဟုသင်သည် စင်စစ် မှတ်သားရာ၏။

ဥပါလိ “ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာချုပ်ငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိရန်ဖြစ်ကုန်၏၊ နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏”ဟူ၍သင်သည် အကြင်တရားတို့ကို သိရာ၏။

ဥပါလိ “ဤသို့သော တရားသည် ဓမ္မမည်၏၊ ဤသို့သော တရားသည် ဝိနယမည်၏၊ ဤသို့သော တရားသည် မြတ်စွာဘုရား၏ အဆုံးအမတော်ပင်တည်း”ဟု သင်သည် စင်စစ် မှတ်သားရာ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။