အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၃-အဿာဇာနီယသုတ်

၁၃။ ရဟန်းတို့ မင်း၏ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် (၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးမှ ကောင်းစွာ မွေးဖွား၏၊ တစ်ပါးသော အာဇာနည်မြင်း ကောင်းတို့ မွေးဖွားရာ (သိန္ဓုမြစ်ကမ်း) အရပ်၌ မွေးဖွား၏။ (၂) ထိုအာဇာနည်မြင်းအား အစိုဖြစ်စေ အခြောက်ဖြစ်စေ ကျွေးသောအစာကို ဖရိုဖရဲ မကြဲစေမူ၍ သာလျှင် ကောင်းမွန်စွာ စား၏။

(၃) ကျင်ကြီးကိုဖြစ်စေ ကျင်ငယ်ကိုဖြစ်စေ ဖိ၍နေရန်သော်လည်းကောင်း၊ ဖိ၍ အိပ်ရန်သော် လည်းကောင်း စက်ဆုပ်၏။ (၄) စင်ကြယ်သော အလေ့အထရှိ၏၊ ချမ်းသာစွာ နေလေ့ရှိ၏၊ တစ်ပါးသော မြင်းတို့ကို မထိတ် လန့်စေတတ်။ (၅) ထိုမြင်း၏ စဉ်းလဲခြင်း, နွားကျင်ငယ် ကောက်ကဲ့သို့ ကောက်ခြင်း, လရေးကောက်ကဲ့သို့ ကောက်ခြင်း, ထွန်ကိုင်းကောက်ကဲ့သို့ ကောက်ခြင်းတို့ကို ရထားထိန်းအားဟုတ်မှန်သည့် အတိုင်း ထင်စွာ ပြုတတ်၏၊ ထိုမြင်း၏ ထိုစဉ်းလဲမှု အစရှိသည်တို့ကို ရထားထိန်းသည် နှိပ်ကွပ်ဆုံးမခြင်းငှါ လုံ့လပြု၏။ (၆) ဝန်ကိုလည်း ဆောင်လေ့ရှိ၏၊ “စင်စစ် တစ်ပါးသော မြင်းတို့ ဆောင်သည်ဖြစ်စေ မဆောင် သည်ဖြစ်စေ ဤအရာ၌ ငါသည်သာလျှင် ဆောင်အံ့”ဟု စိတ်ကိုဖြစ်စေ၏။ (၇) သွားသည်ရှိသော် ဖြောင့်သော လမ်းဖြင့်သာ သွား၏။ (၈) အသက်ထက်ဆုံး အားရှိ၏၊ အားအစွမ်းကိုလည်း ပြတတ်၏။ ရဟန်းတို့ မင်း၏ ဤအင်္ဂါ ရှစ်မျိုးတို့နှင့်ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံး အဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင် တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင် လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (၁) သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်စည်း၍ နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်၏၊ (၂) ထိုရဟန်းအား ယုတ်ညံ့သည်လည်းဖြစ်စေ မွန်မြတ်သည်လည်းဖြစ်စေ ပေးလှူအပ်သော ဘောဇဉ်ကို မညည်းမညူ ကောင်းစွာသာလျှင် သုံးဆောင်၏၊ (၃) ကိုယ်ဖြင့် ပြုအပ်သော မကောင်းမှု၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု၊ စိတ်ဖြင့် ပြုအပ်သော မကောင်းမှုမှ စက်ဆုပ်၏၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ စက်ဆုပ်၏၊ (၄) စင်ကြယ်သော အလေ့ရှိ၏၊ ချမ်းသာစွာ နေလေ့ရှိ၏၊ တစ်ပါးသော ရဟန်းတို့ကို မထိတ် လန့်စေတတ်၊ (၅) ထိုရဟန်း၏ စဉ်းလဲခြင်း, နွားကျင်ငယ် ကောက်ကဲ့သို့ ကောက်ခြင်း, လရေးကောက်ကဲ့သို့ ကောက်ခြင်း, ထွန်ကိုင်းကောက်ကဲ့သို့ ကောက်ခြင်းတို့ကို မြတ်စွာဘုရား၌သော်လည်းကောင်း၊ ပညာရှိသီတင်းသုံးဖော်တို့၌သော်လည်းကောင်းဟုတ်မှန်သည့်အတိုင်း ထင်စွာ ပြုတတ်၏၊ ထိုရဟန်း၏ ထိုစဉ်းလဲခြင်းအစရှိသည်တို့ကို မြတ်စွာဘုရားသည်လည်းကောင်း၊ ပညာရှိ သီတင်းသုံးဖော်တို့သည်လည်းကောင်း နှိပ်ကွပ်ဆုံးမခြင်းငှါ လုံ့လပြု၏၊ (၆) ကျင့်သုံးတတ်၏၊ “စင်စစ် တစ်ပါးသော ရဟန်းတို့ ကျင့်သုံးသည်ဖြစ်စေ မကျင့်သုံးသည်ဖြစ်စေ ဤအရာ၌ ငါသည်သာလျှင် ကျင့်သုံးအံ့”ဟု စိတ်ကိုဖြစ်စေ၏၊ (၇) သွားသည်ရှိသော် ဖြောင့်သော လမ်းဖြင့်သာလျှင် သွား၏။ ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဖြောင့်သော လမ်းတည်း၊ ဤဖြောင့်သော လမ်းသည် အဘယ်နည်း၊ ကောင်းစွာ မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ ကောင်းစွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဤသည်တို့တည်း။ (၈) “ကိုယ်၌ အရေ အကြော အရိုးမျှသာ ကြွင်းသော်လည်း ကြွင်းစေ၊ အသား အသွေးတို့သည့်ခန်းခြောက်သော်လည်း ခန်းခြောက်စေ၊ ယောကျာ်းတို့၏ အားအစွမ်း ယောကျာ်းတို့၏ ဝီရိယ ယောကျာ်းတို့၏ လုံ့လဖြင့် ရောက်အပ် ရအပ်သော တရားသို့ မရောက်ဘဲ မရဘဲ ဝီရိယ၏ ဆုတ်ယုတ်ရပ်တန့်ခြင်းသည် မဖြစ်အံ့”ဟု ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော် လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။