အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၄-အဿခဠုင်္ကသုတ်

၁၄။ ရဟန်းတို့ မြင်းယုတ် ရှစ်မျိုးတို့ကိုလည်းကောင်း၊ မြင်း၏ အပြစ် ရှစ်မျိုးတို့ကိုလည်းကောင်း၊ ယောကျာ်းယုတ်ရှစ်မျိုးတို့ကိုလည်းကောင်း၊ ယောကျာ်း၏ အပြစ်ရှစ်မျိုးတို့ကိုလည်းကောင်း ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ မြင်းယုတ်ရှစ်မျိုးတို့နှင့် မြင်း၏ အပြစ်ရှစ်မျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် နောက်သို့ ဆုတ်၏၊ နောက်ဘက်သို့ ရထားကို လည်စေ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် စုန်ကန်၏၊ ရထားဘီး အကွပ်ကို ဖျက်ဆီး၏၊ (ရထားဦး၌ ထားသော) လှံတံသုံးချောင်းကို ချိုးဖဲ့၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ် သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရထားသန်ကို ပေါင်ဖြင့် တွန်းဖယ်၍ ရထားသန်ကို သာလျှင် (ရှေ့ ခြေနှစ်ဖက်ဖြင့်) လွှမ်းမိုး နှိမ်နင်း၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် လမ်းမဟုတ်သည်ကို ယူ၏၊ ရထားကို လမ်းလွဲအောင် ပြု၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ စတုတ္ထအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့ကိုယ်ကို ခုန်မြှောက်၏၊ ရှေ့ခြေတို့ကို မြှောက်ချီ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရထားထိန်း၏ စကားကို နားမထောင်ဘဲ နှင်တံကို ဂရုမစိုက်ဘဲ ဇက်ကြိုးသံကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ် ဖျက်ဆီး၏၊ အလိုရှိရာ အရပ်သို့ ဖဲသွား၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤ သည်ကား မြင်း၏ ဆဋ္ဌအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့သို့လည်း မတက် နောက်သို့လည်း မဆုတ်၊ ထိုအရပ်၌ပင်လျှင် တိုင်ငုတ်ကဲ့သို့ ရပ်တည်၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ သတ္တမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့ခြေတို့ကိုလည်း ကွေး၍ နောက်ခြေတို့ကိုလည်း ကွေး၍ ထိုအရပ်၌ပင်လျှင် ခြေလေးဖက်တို့ကို ဖိ၍ ဝပ်နေ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ အဋ္ဌမအပြစ်တည်း။

ရဟန်းတို့ ဤသည်တို့ကား မြင်းယုတ်ရှစ်မျိုးတို့နှင့် မြင်း၏ အပြစ်ရှစ်မျိုးတို့တည်း။

ရဟန်းတို့ ယောကျာ်းယုတ် ရှစ်မျိုးတို့နှင့် ယောကျာ်း၏ အပြစ်ရှစ်မျိုးတို့ဟူသည် အဘယ်တို့ နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် “မအောက်မေ့မိ”ဟူ၍ သတိမရခြင်း ဖြင့် ဖြေဆို၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင် အပ်သည် ရှိသော် နောက်သို့ ဆုတ်၍ နောက်သို့ ရထားကို လည်စေသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာသည်ရှိသော် “မိုက်မဲ မလိမ္မာသော သင်ပြောသော စကားဖြင့် အသို့ပြုရအံ့နည်း၊ သင်ကပင် ပြောဆိုအပ်၏ဟု အောက်မေ့ဘိ၏”ဟုစောဒနာသူကိုပင် ပြန်၍ ပုတ်ခတ်၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် နောက်သို့ခုန်၍ ရထားဘီးအကွပ်ကို ဖျက်ဆီးကာ၊ ရထားဦး၌ ထားသော လှံတံ သုံးချောင်းကို ချိုးဖဲ့သကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် “သင်သည် ဤမည်သော အာပတ်သို့ ရောက်၏၊ သင် ရှေးဦးစွာ ကုစားဦးလော့”ဟုစောဒနာသူကိုပင် အပြစ် တစ်ဖန်တင်၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် ရထားသန်ကို ပေါင်ဖြင့် တွန်းဖယ်၍ ရထားသန်ကိုသာလျှင် (ရှေ့ခြေနှစ်ဖက်ဖြင့်) လွှမ်းမိုး နှိမ်နင်းသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်း ယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် တစ်ပါးသော အကြောင်းဖြင့် တစ်ပါးသော အကြောင်းကို ဖုံးလွှမ်း၏၊ စကားကို အပြင်သို့ ရောက်စေ၏၊ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း မနှစ်သက်ခြင်းကို ထင်စွာပြု၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည်ရှိသော် လမ်းခရီး မဟုတ်သည်ကို ယူ၏၊ ရထားကို လမ်းလွဲအောင် ပြုသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ စတုတ္ထ အပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် သံဃာ့အလယ်၌ လက်မောင်းနှစ်ဖက် မြှောက်ခြင်းကို ပြု၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် ရှေ့ကိုယ်ကို ခုန်မြှောက်လျက် ရှေ့ခြေတို့ကို မြှောက်ချီသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ် သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် သံဃာ့စကားကို နားမထောင်ဘဲစောဒကကို ဂရုမစိုက်ဘဲ အာပတ်ရှိသည် ဖြစ်၍သာလျှင် အလိုရှိရာ အရပ်သို့ ဖဲသွား၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် ရထားထိန်း၏ စကားကို နားမထောင်ဘဲ နှင်တံကို ဂရုမစိုက်ဘဲ ဇက်ကြိုးသံကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ် ဖျက်ဆီး၍ အလိုရှိရာ အရပ်သို့ ဖဲသွားသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ ဆဋ္ဌအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် “ငါသည် အာပတ်သို့ မရောက်၊ ငါသည် အာပတ်မသင့်”ဟု နှလုံးထား၍ ဆိတ်ဆိတ်နေသဖြင့် သံဃာကို ညှဉ်းဆဲ၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့သို့လည်း မတက် နောက်သို့လည်း မဆုတ်၊ ထိုအရပ်၌ ပင်လျှင် တိုင်ငုတ်သဖွယ် ရပ်တည်သကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ် သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ သတ္တမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် “အသျှင်တို့ အသျှင်တို့သည် အဘယ်ကြောင့်လျှင် အကျွန်ုပ်၌ အလွန်ပြင်းပြစွာ ကြောင့်ကြစိုက်တော်မူကြသနည်း၊ ယခုပင် အကျွန်ုပ်သည် သိက္ခာချ၍ လူထွက်အံ့”ဟု ဆို၏၊ ထိုရဟန်းသည် သိက္ခာချ၍ လူထွက်ပြီးလျှင် “အသျှင်တို့ အသျှင်တို့ သည် ယခုအခါ၌မူ နှစ်သက်သော စိတ်ရှိသည် ဖြစ်ကြပါလော့”ဟု ဆို၏၊ ရဟန်းတို့ မြင်းယုတ်သည် “သွားလော့”ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည်ရှိသော် ရှေ့ခြေတို့ကိုလည်း ကွေး၍ နောက်ခြေတို့ကိုလည်း ကွေး၍ ထိုအရပ်၌ပင်လျှင် ခြေလေးဖက်တို့ကို ဖိ၍ ဝပ်နေသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းယုတ် သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောကျာ်း၏ အဋ္ဌမအပြစ်တည်း။ ရဟန်းတို့ ဤသည်တို့ကား ယောကျာ်းယုတ်ရှစ်မျိုးတို့နှင့် ယောကျာ်း၏ အပြစ်ရှစ်မျိုးတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။