အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၁ဝ-ဥပေါသထသုတ်

၂ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥပုသ်နေ့၌ ရဟန်းသံဃအခြံရံလျက် ထိုင်နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ ပဌမယာမ်လွန်လတ်သော် နေရာမှ ထကာ လက်ဝဲ တစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်—အသျှင်ဘုရား ညဉ့်နက်ပါပြီ၊ ပဌမယာမ် လွန်ပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သည် ဖြစ်၍ မဇ္ဈိမယာမ် လွန်လတ်သော် နေရာမှထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်— “အသျှင်ဘုရား ညဉ့်နက်ပါပြီ၊ မဇ္ဈိမယာမ် လွန်ပါပြီ၊ ရဟန်း သံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ ပစ္ဆိမယာမ် လွန်လတ်သော် အရုဏ်တက် သည်ဖြစ်၍ ညဉ့်သည် နှစ်သက်ဖွယ် မျက်နှာရှိလတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်—အသျှင်ဘုရား ညဉ့်နက်ပါပြီ၊ ပစ္ဆိမယာမ် လွန်ပါပြီ၊ အရုဏ်တက်ပါပြီ၊ ညဉ့်သည် နှစ်သက်ဖွယ် မျက်နှာရှိပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။ အာနန္ဒာ ပရိသတ်သည် မစင်ကြယ်ဟု (မိန့်တော်မူ၏)။

ထိုအခါ “မြတ်စွာဘုရားက အဘယ်သူကို ရည်၍ အာနန္ဒာ ပရိသတ်သည် မစင်ကြယ်”ဟု မိန့်တော်မူသနည်းဟူ၍ အသျှင်မဟာမောဂ္ဂလ္လာန်အား အကြံဖြစ်၏၊ ထိုနောက် အသျှင်မဟာမောဂ္ဂလ္လာန် သည် ရဟန်းသံဃာ အလုံးစုံ၏ စိတ်ကို မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သော အကျင့်ရှိသော၊ မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသော၊ အမှုကို ဖုံးကွယ်သော၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော၊ မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော၊ အတွင်းပုပ်သော၊ ကိလေသာ မိုးစွတ်သော၊ အမှိုက်သဖွယ်ဖြစ်သော၊ ရဟန်းသံဃာအလယ်၌ ထိုင်နေသော၊ သီလမရှိသော ‘ဒုဿီလ’ ပုဂ္ဂိုလ်ကို မြင်၍ နေရာမှ ထပြီးလျှင် ထိုပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်လျက် “ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိဟု” ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို “ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ”ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏၊ သုံးကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို “ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ”ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို လက်မောင်း၌ ကိုင်လျက် တံခါးမုခ်မှ အပြင်သို့ ထွက်စေပြီးလျှင် မင်းတုပ်ငယ် မင်းတုပ်ကြီးကို လျှို၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ “အသျှင်ဘုရား အကျွန်ုပ်သည် ထိုပုဂ္ဂိုလ်ကို ထွက်စေအပ်ပါပြီ၊ ပရိသတ်သည် စင်ကြယ်ပါပြီ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ”ဟု လျှောက်၏။ မောဂ္ဂလ္လာန် အံ့ဖွယ်ဖြစ်၏၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲ ဖြစ်၏၊ ထိုမဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောကျာ်းသည် လက်မောင်းကို ကိုင်သည့်တိုင်အောင်သော်လည်း ဆိုင်းငံ့ဘိ၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ယခုအခါ၌ သင်တို့သည်ပင်လျှင် ဥပုသ် ပြုကြကုန်လော့၊ ပါတိမောက်ပြကြကုန်လော့၊ ရဟန်းတို့ ငါသည် ယနေ့မှ အစပြု၍ ဥပုသ်မပြုတော့အံ့၊ ပါတိမောက်မပြတော့အံ့၊ မစင်ကြယ်သော ပရိသတ်၌ မြတ်စွာဘုရား၏ ပါတိမောက်ပြရာသော အကြောင်း အရာသည် မဖြစ်နိုင်ပေ။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့တည်း၊ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်၏၊ အစဉ်အတိုင်း ကိုင်း၏၊ အစဉ်အတိုင်း ရှိုင်း၏၊ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ ကမ်းစပ်၌စောက် နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်ခြင်း၊ အစဉ်အတိုင်း ကိုင်းခြင်း၊ အစဉ်အတိုင်း ရှိုင်းခြင်းသည် မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ပဌမသဘောတည်း။ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြကုန်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာ တစ်ရာ။ပ။ ယူဇနာငါးရာ တိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါကြီးတို့၏လည်းကောင်း နေရာ ဖြစ်၏၊ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလ မည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း ယူဇနာတစ်ရာ။ပ။ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်ခြင်းသည် မဟာ သမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့တည်း၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော် ကြကုန်၏။ ရဟန်းတို့ ဤအတူပင် ဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့သည် ရှိကုန်၏။ ယင်းသဘောရှစ်မျိုးတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော် ကြကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်သည် အစဉ်အတိုင်း ကိုင်းသည် အစဉ်အတိုင်း ရှိုင်းသည် ဖြစ်သကဲ့သို့၊ ဤအတူပင် ဤ (ဓမ္မဝိနယ) သာသနာ တော်၌ သိက္ခာစဉ်ရှိ၏၊ လုပ်ငန်းစဉ် ရှိ၏၊ ကျင့်စဉ်ရှိ၏၊ အစ၌သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိသည်မဟုတ်၊ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၏ သိက္ခာစဉ်ရှိခြင်း၊ လုပ်ငန်းစဉ် ရှိခြင်း၊ ကျင့်စဉ်ရှိခြင်း အစ၌ သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ပဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ပ။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်တို့၏လည်းကောင်း၊ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာ တိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်သကဲ့သို့၊ ဤအတူပင် ဤ ဓမ္မဝိနယ ‘သာသနာတော်’ သည် သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲ ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာဖြစ်၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၏ သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်။ပ။ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာဖြစ်ခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန် မွေ့လျော်ကြကုန်၏။ ရဟန်းတို့ ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကား ဤရှစ်မျိုးတို့တည်း။ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် မဟာဝဂ် ပြီး၏။