အင်္ဂုတ္တရနိကာယ်

၃-ဂဟပတိဝဂ်

၄-ဒုတိယ ဟတ္ထကသုတ်

၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို မြတ်စွာဘုရားသည် “ဟတ္ထက သင်၏ ဤပရိသတ်သည် များလှ၏ တကား၊ ဟတ္ထက သင်သည် အဘယ်သို့လျှင် များစွာသော ဤပရိသတ်ကို ချီးမြှောက်သနည်း”ဟု မိန့် တော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဟောတော်မူသော ချီးမြှောက်ဖွယ်ရာ သင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့် အကျွန်ုပ်သည် များစွာသော ဤပရိသတ်ကို ချီးမြှောက်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အကြင်သူကို ဤသူသည်ကား ပေးကမ်းခြင်းဖြင့် ချီးမြှောက် ထိုက်၏”ဟု သိ၏၊ ထိုသူကို ပေးကမ်းခြင်းဖြင့် ချီးမြှောက်ပါ၏၊

အကြင်သူကို “ဤသူသည်ကား ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ထိုက်၏”ဟု သိ၏၊ ထိုသူကို ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ပါ၏။ အကြင်သူကို “ဤသူသည်ကား အကျိုးစီးပွါးကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ထိုက်၏”ဟု သိ၏၊ ထိုသူကို အကျိုးစီးပွါးကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ပါ၏၊

အကြင်သူကို “ဤသူသည်ကား မိမိနှင့် အတူအမျှ ပြုခြင်းဖြင့် ချီးမြှောက်ထိုက်၏”ဟု သိ၏၊ ထိုသူကို မိမိနှင့်အတူအမျှ ပြုခြင်းဖြင့် ချီးမြှောက်ပါ၏၊

အသျှင်ဘုရား အကျွန်ုပ်အိမ်၌ကား စည်းစိမ်ဥစ္စာတို့သည် ရှိပါကုန်၏၊ သူဆင်းရဲ၏ စကားကို နားထောင်သင့်၏ဟု မမှတ်ထင်ကြကုန်သကဲ့သို့ မပေးကမ်းသူ၏ စကားကို နားထောင်သင့်၏ဟု မမှတ် ထင်ကြပါကုန်။(အကျွန်ုပ်၏ စကားကိုမူကား နားထောင်သင့်၏ဟု မှတ်ထင်ကြပါကုန်၏)ဟု (လျှောက်၏)။

ဟတ္ထက ကောင်းပေစွ ကောင်းပေစွ၊ သင်၏ ဤအကြောင်းလေးမျိုးကား များစွာသော ပရိသတ်ကို ချီးမြှောက်ရန် သင့်သော အကြောင်းတည်း၊ ဟတ္ထက ရှေးလွန်ပြီးအခါက များစွာသော ပရိသတ်ကို ချီးမြှောက်သူဟူသမျှအားလုံးတို့သည် ဤသင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ခဲ့ကုန်၏၊ ဟတ္ထက နောင်အခါ၌ များစွာသော ပရိသတ်ကို ချီးမြှောက်မည့်သူဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ကုန်လိမ့်မည်၊ ဟတ္ထက ယခုအခါ၌ များစွာသော ပရိသတ်ကို ချီးမြှောက်နေသူဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဟတ္ထကအာဠဝကသည် မြတ်စွာဘုရားက တရားစကားဖြင့် ( အကျိုးစီးပွါးကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသည်ဖြစ်၍ နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားလေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဟတ္ထကအာဠဝက ဖဲသွား၍ မကြာမြင့်မီ ရဟန်းတို့ကို “ရဟန်းတို့ ဟတ္ထကအာဠဝက ဥပါသကာကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏”ဟု မှတ်ကုန်လော့၊ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလ ရှိ၏။ပ။ (ဒုစရိုက်မှ) ရှက်တတ်၏။ (ဒုစရိုက်မှ) လန့်တတ်၏။ များသော အကြားအမြင် ရှိ၏။ စွန့်ကြဲ ပေးကမ်းတတ်၏။ ပညာရှိ၏။ အလိုနည်း၏။ ရဟန်းတို့ ဟတ္ထကအာဠဝကသည် ဤအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့်် ပြည့်စုံ၏ဟု မှတ်ကုန်လော့ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။