အင်္ဂုတ္တရနိကာယ်

၄-ဒါနဝဂ်

၁-ပဌမဒါနသုတ်

၃၁။ ရဟန်းတို့ အလှူတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ—မိမိအထံသို့ ရောက်လာသောကြောင့် အလှူကို ပေးလှူ၏၊ ကြောက်သောကြောင့် အလှူကို ပေးလှူ၏၊ “ငါ့အား ပေးဖူး၏”ဟု အလှူကို ပေးလှူ၏၊ “ငါ့အား ပေးပေလိမ့် မည်”ဟု အလှူကို ပေးလှူ၏၊ “ပေးလှူမှုသည် ကောင်း၏”ဟု အလှူကို ပေးလှူ၏၊ “ငါသည် ချက်ပြုတ်၏၊ ဤသူတို့ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သော ငါသည် မချက်ပြုတ်သော သူတို့အား အလှူမပေးဘဲ နေရန် မသင့်”ဟု အလှူကို ပေးလှူ၏၊ “ဤအလှူဒါနကို ပေးလှူသော ငါ့အား ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်လိမ့်မည်”ဟု အလှူကို ပေးလှူ၏၊ သမထ ဝိပဿနာစိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှါ အလှူကို ပေးလှူ၏။ ရဟန်းတို့ အလှူတို့သည် ဤရှစ်မျိုးတို့တည်းဟု မိန့်တော်မူ၏။

ပဌမသုတ်။