အင်္ဂုတ္တရနိကာယ်

၄-ဒါနဝဂ်

၃-ဒါနဝတ္ထုသုတ်

၃၃။ ရဟန်းတို့ ပေးလှူခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ချစ်မြတ်နိုးသဖြင့် အလှူကို ပေးလှူ၏၊ အမျက်ထွက်သဖြင့် အလှူကို ပေးလှူ၏၊ မိုက်မဲတွေဝေသဖြင့် အလှူကို ပေးလှူ၏၊ ကြောက်သဖြင့် အလှူကို ပေးလှူ၏၊ “အဖ အဘိုးတို့သည် လှူဖူး၏၊ ပြုဖူး၏၊ ရှေးလူကြီးတို့၏ အမျိုးအနွယ်ကို ယုတ်စေရန် မထိုက်”ဟု အလှူကို ပေးလှူ၏၊ “ငါသည် ဤအလှူကို လှူ၍ ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှ နောက်၌ ကောင်းမှုပြုသော သူတို့၏ လားရာဖြစ်သော နတ်ပြည်လောက၌ ဖြစ်ရပေလိမ့်မည်”ဟု အလှူကို ပေးလှူ၏၊ “ဤအလှူကို လှူသော ငါ့အား စိတ်ကြည်လင်၏၊ နှစ်သက်သော စိတ်ရှိသော အဖြစ်, ဝမ်းမြောက်သော စိတ်ရှိသော အဖြစ်သည် ဖြစ်၏”ဟု အလှူကို ပေးလှူ၏၊ (သမထ ဝိပဿနာ) စိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှါ အလှူကို ပေးလှူ၏။ ရဟန်းတို့ ပေးလှူခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်းဟု မိန့်တော်မူ၏။

တတိယသုတ်။