အင်္ဂုတ္တရနိကာယ်

၄-ဒါနဝဂ်

၅-ဒါနူပပတ္တိသုတ်

၃၅။ ရဟန်းတို့ ပေးလှူခြင်းဟူသော အကြောင်းကြောင့် (လူ့ပြည်နတ်ပြည်တို့၌) ဖြစ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးအလှူကို ပေးလှူ၏။ ထိုသူသည် အကြင်ကာမဂုဏ်ငါးပါးတည်းဟူသော အကြောင်းကြောင့် ပေး လှူ၏၊ ထိုကာမဂုဏ်ငါးပါးကို တောင့်တ၏၊ ထိုသူသည် များသောဥစ္စာရှိသော မင်းမျိုးတို့ကိုသော် လည်းကောင်း၊ ပုဏ္ဏားမျိုးတို့ကိုသော်လည်းကောင်း၊ သူကြွယ်မျိုးတို့ကိုသော်လည်းကောင်း ကာမဂုဏ် ငါးပါးတို့ဖြင့် ရောင့်ရဲပြည့်စုံစံပယ်မွေ့လျော်နေသည်တို့ကို မြင်၏၊ ထိုသူအား “ငါသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုးတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုးတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုးတို့၏သော်လည်းကောင်း အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူကား ကောင်းလေစွ”ဟု ဤသို့ စိတ်အကြံဖြစ်၏၊ ထိုသူသည် ထိုသို့သော စိတ်ကို ထား၏၊ ထိုသို့သော စိတ်ကို ဆောက်တည်၏၊ ထိုသို့သော စိတ်ကို ပွါးစေ၏၊ ထိုသူ၏ ယုတ်ညံ့သည့် ကာမဂုဏ်ငါးပါး၌ ညွတ်သော ထိုကာမဂုဏ်ငါးပါးထက် အလွန် (မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ) မပွါးစေအပ်သော စိတ်သည် ထိုတောင့်တ အပ်သော မင်းပုဏ္ဏားစသော အမျိုးတို့၌ (ကပ်ရောက်ရန်) ဖြစ်၏၊ (ထိုသူသည်) ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ များစွာသောဥစ္စာရှိသော မင်းမျိုးတို့၏သော်လည်းကောင်း၊ ပုဏ္ဏားမျိုးတို့၏သော်လည်းကောင်း၊ သူကြွယ်မျိုးတို့၏သော်လည်းကောင်း အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသို့ ရောက်ရခြင်းကိုလည်း သီလရှိသော သူအားသာ ငါဆို၏၊ သီလမရှိသော သူအား မဆို။ ရဟန်းတို့ သီလရှိသော သူအား စင်ကြယ်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏။ (၁)

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးအလှူကို ပေးလှူ၏။ ထိုသူသည် အကြင်ကာမဂုဏ်ငါးပါးတည်းဟူသော အကြောင်းကြောင့် ပေးလှူ၏၊ ထိုကာမဂုဏ်ငါးပါးကို တောင့်တ၏၊ ထိုသူသည် “စာတုမဟာရာဇ်နတ်တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာ များကုန်၏”ဟု ကြားဖူး၏၊ ထိုသူအား “ငါသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူကား ကောင်းလေစွ”ဟု ဤသို့သော အကြံသည် ဖြစ်၏၊ ထိုသူသည် ထိုသို့သော စိတ်ကို ထား၏၊ ထိုသို့သော စိတ်ကို ဆောက်တည်၏၊ ထိုသို့သော စိတ်ကို ပွါးစေ၏၊ ထိုသူ၏ ယုတ်ညံ့သည့် ကာမဂုဏ်ငါးပါး၌ ညွတ်သော ထိုကာမဂုဏ် ငါးပါးထက် အလွန် (မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ) မပွါးများစေအပ်သော စိတ်သည် ထိုတောင့်တအပ်သော စာတုမဟာရာဇ်ဘုံ၌ (ကပ်ရောက်ရန်) ဖြစ်၏၊ (ထိုသူသည်) ကိုယ်ခန္ဓာပျက်ကြွေ၍ သေသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသို့ ရောက်ရခြင်းကိုလည်း သီလ ရှိသော သူအားသာ ငါဆို၏၊ သီလမရှိသော သူအား မဆို။ ရဟန်းတို့ သီလရှိသော သူအား စင်ကြယ့်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏။ (၂)

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးအလှူကို ပေးလှူ၏။ ထိုသူသည် အကြင်ကာမဂုဏ်ငါးပါးတည်းဟူသော အကြောင်းကြောင့် ပေးလှူ၏၊ ထိုကာမဂုဏ်ငါးပါးကို တောင့်တ၏၊ ထိုသူသည် “တာဝတိံ သာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ တုသိတာနတ်တို့သည်။ နိမ္မာနရတိနတ်တို့သည်။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာ များကုန်၏”ဟု ကြားဖူး၏၊ ထိုသူအား “ငါသည် ကိုယ်ခန္ဓာပျက်ကြွေ၍ သေသည်မှ နောက်၌ ပရနိမ္မိတ ဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူကား ကောင်းလေစွ”ဟု ဤသို့သော အကြံသည် ဖြစ်၏၊ ထိုသူသည် ထိုသို့သော စိတ်ကို ထား၏၊ ထိုသို့သော စိတ်ကို ဆောက်တည်၏၊ ထိုသို့သော စိတ်ကို ပွါးစေ၏၊ ထိုသူ၏ ယုတ်ညံ့သည့် ကာမဂုဏ်ငါးပါး၌ ညွတ်သော ထိုကာမဂုဏ်ငါးပါးထက် အလွန် (မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ) မပွါးစေအပ်သော စိတ်သည် ထိုတောင့်တအပ်သော ပရနိမ္မိတဝသဝတ္တီဘုံ၌ (ကပ်ရောက်ရန်) ဖြစ်၏၊ (ထိုသူသည်) ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီ နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသို့ ရောက်ရခြင်းကိုလည်း သီလရှိသော သူအားသာ ငါဆို၏၊ သီလမရှိသော သူအား မဆို။ ရဟန်းတို့ သီလရှိသော သူအား စင်ကြယ်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏။ (၃—၇)

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးအလှူကို ပေးလှူ၏။ ထိုသူသည် အကြင်ကာမဂုဏ်ငါးပါးတည်းဟူသော အကြောင်းကြောင့် ပေးလှူ၏၊ ထိုကာမဂုဏ်ငါးပါးကို တောင့်တ၏၊ ထိုသူသည် “ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏၊ ထိုသူအား “ငါသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူကား ကောင်းလေစွ”ဟု ဤသို့သော အကြံသည် ဖြစ်၏၊ ထိုသူသည် ထိုသို့သော စိတ်ကို ထား၏၊ ထိုသို့သော စိတ်ကို ဆောက်တည်၏၊ ထိုသို့သော စိတ်ကို ပွါးစေ၏၊ ထိုသူ၏ ယုတ်ညံ့သည့် ကာမဂုဏ်ငါးပါး၌ ညွတ်သော ထိုကာမဂုဏ်ငါးပါးတို့ထက်အလွန် (မဂ်ဖိုလ်နိဗ္ဗာန် အလို့ငှါ) မပွါးများစေအပ်သော စိတ်သည် ထိုတောင့်တအပ်သော ဗြဟ္မာဘုံ၌ (ကပ်ရောက်ရန်) ဖြစ်၏၊ (ထိုသူသည်) ကိုယ်ခန္ဓာပျက်ကြွေ၍ သေသည်မှ နောက်၌ ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက် ရ၏၊ ထိုသို့ ရောက်ရခြင်းကိုလည်း သီလရှိသော သူအားသာ ငါဆို၏၊ သီလ မရှိသော သူအား မဆို။ (ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန်အားဖြင့်) ကင်းသော ကာမရာဂရှိသော ပုဂ္ဂိုလ်အားသာ ငါဆို၏၊ ကာမ ရာဂနှင့် တကွဖြစ်သော ပုဂ္ဂိုလ်အား မဆို၊ ရဟန်းတို့ သီလရှိသော ပုဂ္ဂိုလ်အား ကာမရာဂကင်းသော ကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏။ ရဟန်းတို့ ပေးလှူခြင်းဟူသော အကြောင်းကြောင့် (လူ့ပြည် နတ်ပြည်တို့၌) ဖြစ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။ (၈)

ပဉ္စမသုတ်။