အင်္ဂုတ္တရနိကာယ်

၄-ဒါနဝဂ်

၉-အဘိသန္ဒသုတ်

၃၉။ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်ကုန်သော၊ နတ်ပြည်အကျိုးငှါ ဖြစ်ကုန်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်ကုန်သော၊ နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်ကုန်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်ရှစ်မျိုးတို့သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည်အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော၊ ရှေးဦးစွာသော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အရိယာတပည့်သည် တရားတော်ကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်၏၊ ရဟန်းတို့ နှစ်ခုမြောက်ဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည်။ပ။ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အရိယာတပည့်သည် သံဃာတော်ကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်၏၊ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည်အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော၊ သုံးခုမြောက်ဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီး အပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ဟု သိအပ်ကုန်သော၊ သူတော်ကောင်း အဆက်အနွယ်ဟု သိအပ်ကုန်သော၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့်ဟု သိအပ်ကုန်သော၊ မပယ်အပ်ကုန်သော၊ (ရှေးကလည်း) မပယ်ဖူးကုန်သော၊ (ယခုလည်း) မပယ်ကုန်သော၊ (နောင်လည်း) ပယ်လတ္တံ့ မဟုတ်ကုန်သော၊ ပညာရှိသမဏဗြာဟ္မဏတို့ မပစ်ပယ်အပ်သည့် မြတ်သော ဒါနဟု ဆိုအပ်ကုန်သော အလှူတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်ကို သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ရဟန်းတို့ သူ့အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်သော အရိယာတပည့်သည် အတိုင်းအရှည်မရှိကုန်သော သတ္တဝါတို့အား ဘေးမရှိခြင်းကို ပေးလှူ သည် မည်၏၊ ရန်မရှိခြင်းကို ပေးလှူသည် မည်၏၊ ဆင်းရဲမရှိခြင်းကို ပေးလှူသည် မည်၏၊ အတိုင်း အရှည်မရှိသော သတ္တဝါတို့အား ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲမရှိခြင်းကို ပေးလှူသောကြောင့် အတိုင်း အရှည်မရှိသော ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲမရှိခြင်း၏ အဖို့ရှိ၏။ ရဟန်းတို့ ဤသည်ကား အမြတ်ဟု သိအပ်သော၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ဟု သိအပ်သော၊ သူတော်ကောင်း အဆက်အနွယ်ဟု သိအပ်သော၊ ရှေးသူဟောင်းတို့၏ အလေ့အကျင့်ဟု သိအပ်သော၊ မပယ်အပ်သော၊ (ရှေးကလည်း) မပယ်ဖူးသော၊ (ယခုလည်း) မပယ်သော၊ (နောင်လည်း) ပယ်လတ္တံ့ မဟုတ်သော၊ ပညာရှိသမဏဗြာဟ္မဏတို့ မပစ်ပယ်အပ်သည့် မြတ်သော အလှူဟု ဆိုအပ်သော ပဌမဖြစ်သော အလှူတည်း။ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည်အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုး ကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော၊ စတုတ္ထမြောက်ဖြစ်သော ဤကောင်းမှု အထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အရိယာတပည့်သည် ပိုင်ရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းကို ပယ်၍ ပိုင်ရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏။ပ။ ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မဟုတ်မမှန် ပြောဆိုခြင်းကို ပယ်၍ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင် ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်စားခြင်းကို ပယ်၍ ယစ်မူး မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက် သောက်စားခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ယစ်မူး မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်သော အရိယာတပည့် သည် အတိုင်းအရှည်မရှိသော သတ္တဝါတို့အား ဘေးမရှိခြင်းကို ပေးလှူသည် မည်၏၊ ရန်မရှိခြင်းကို ပေးလှူသည် မည်၏၊ ဆင်းရဲမရှိခြင်းကို ပေးလှူသည် မည်၏၊ အတိုင်းအရှည်မရှိသော သတ္တဝါတို့အား ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲမရှိခြင်းကို ပေးလှူသောကြောင့် အတိုင်းအရှည် မရှိသော ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲမရှိခြင်း၏ အဖို့ရှိ၏။ ရဟန်းတို့ ဤသည်ကား အမြတ်ဟု သိအပ်သော၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ဟု သိအပ်သော၊ သူတော်ကောင်းတို့၏ အဆက်အနွယ်ဟု သိအပ်သော၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့်ဟု သိအပ်သော၊ မပယ်အပ်သော၊ (ရှေးကလည်း) မပယ်ဖူးသော၊ (ယခုလည်း) မပယ်သော၊ (နောင်လည်း) ပယ်လတ္တံ့ မဟုတ်သော၊ ပညာရှိသမဏဗြာဟ္မဏတို့မပစ်ပယ်အပ်သည့် မြတ်သော အလှူဟု ဆိုအပ်သော ပဉ္စမဖြစ်သော အလှူတည်း။ ရဟန်းတို့ ချမ်းသာ ကို ဆောင်တတ်သော နတ်ပြည်အကျိုးငှါ ဖြစ်သော ချမ်းသာသော အကျိုးကို ပေးတတ်သော နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော အဋ္ဌမဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည်အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော၊ ရှစ်မျိုးသော ဤကောင်းမှုအထု ကုသိုလ် အယဉ်တို့သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။