အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၁-ဂေါတမီသုတ်

၅၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (ပဌမဆုံးအကြိမ် ကြွရောက်၍ သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို သင် မနှစ်သက်ပါလင့်ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားအား—“အသျှင်ဘုရား တောင်း ပန်ပါ၏၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်၍ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို သင် မနှစ်သက်ပါလင့်ဟု (မိန့်တော်မူ၏)။

သုံးကြိမ်မြောက်လည်း မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားအား—“အသျှင်ဘုရား တောင်း ပန်ပါ၏၊ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်၏။ ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို သင် မနှစ်သက်ပါလင့်ဟု (မိန့်တော်မူ၏)။

ထိုအခါ မဟာပဇာပတိ ဂေါတမီသည် “မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို မြတ်စွာဘုရား ခွင့်ပြုတော်မမူ”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် မျက်ရည်ယိုစီးသော မျက်နှာရှိသည် ဖြစ်၍ ငိုကြွေးလျက် မြတ်စွာဘုရားကို ရှိခိုးပြီးနောက် အရိုအသေပြုကာ ဖဲသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၌ မွေ့လျော်တော်မူသရွေ ့ သီတင်းသုံး နေတော်မူ ပြီးလျှင် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဝေသာလီပြည်သို့ ရောက်တော်မူ၍ ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ဆံပင်တို့ကို ရိတ်ဖြတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍့သာကီဝင်မင်းသမီး များစွာတို့နှင့်အတူ ဝေသာလီပြည်သို့ ဖဲသွားလေသော် အစဉ်အတိုင်း ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ် ဆောင်ပေါက်သော ကျောင်းသို့ ချဉ်းကပ်မိ၏။ ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် မျက်ရည်ယိုစီးသော မျက်နှာရှိသည် ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်၏၊ ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် မျက်ရည်ယိုစီးသော မျက်နှာရှိသည် ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေသော မဟာပဇာပတိ ဂေါတမီကို အသျှင်အာနန္ဒာ မြင်လေလျှင် “ဂေါတမီ သင်သည် အဘယ့်ကြောင့် ဖူးဖူးရောင်သော ခြေတို့ဖြင့် လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်းရှိသည် မျက်ရည် ယိုစီးသော မျက်နှာရှိသည် ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေသနည်း”ဟု မေး၏။ အသျှင်ဘုရားအာနန္ဒာ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို မြတ်စွာဘုရား ခွင့်ပြုတော် မမူသောကြောင့် ရပ်တည်နေပါသည်ဟု (လျှောက်၏)။

ဂေါတမီ သို့ဖြစ်လျှင် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို အကျွန်ုပ် မြတ်စွာဘုရားအား တောင်းပန်စဉ် ဤနေရာ၌ တခဏမျှ နေပါဦးဟု ပြောဆို၏၊ ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် ဤစကားကို လျှောက်၏— “အသျှင်ဘုရား ဤမဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို မြတ်စွာဘုရား ခွင့်ပြုတော်မမူ’ဟု ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်းရှိသည် မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း အဖြစ်ကို ရစေချင်ပါသည်”ဟု (လျှောက်၏)။

အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို သင် မနှစ်သက်ပါလင့်ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမ သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းအဖြစ်ကို ရစေချင်ပါသည်”ဟု (လျှောက်၏)။

အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို သင် မနှစ်သက်ပါလင့်ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် “မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို မြတ်စွာဘုရား ခွင့်ပြုတော် မမူဟု သိ၍ ငါသည် အခြားအကြောင်းဖြင့် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာ တော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို တောင်းပန်ရသော် ကောင်းလေစွ”ဟု ကြံစည်ပြီးနောက် မြတ်စွာဘုရားအား— “အသျှင်ဘုရား မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှါ ထိုက်တန်ပါ၏လော”ဟု လျှောက်၏။ အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှါ ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း။ပ။ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှါ ထိုက်တန်ပါမူ၊ အသျှင်ဘုရား မဟာပဇာပတိဂေါတမီသည် ကျေးဇူးများ ပါ၏၊ မြတ်စွာဘုရား၏ မိထွေးတော်ပါတည်း၊ ခြေဖြင့် သွားနိုင်ချိန်အထိ မွေးမြူသူပါတည်း၊ နို့တိုက်သူပါတည်း၊ မယ်တော် နတ်ရွာစံပြီးနောက် မြတ်စွာဘုရားကို နို့တိုက်ခဲ့ပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားဟော ထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းအဖြစ်ကို ရစေချင်ပါသည်”ဟု (လျှောက်၏)။

အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည်ဖြစ်အံ့၊ ထိုဝန်ခံချက်သည်ပင် ထိုဂေါတမီအတွက် ပဉ္စင်းခံမှုဖြစ်စေလော့။ ဘိက္ခုနီမသည် ပဉ္စင်းဖြစ်၍ ဝါတစ်ရာရရှိသော်လည်း ထိုနေ့ ပဉ္စင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းအမှုကို ပြုရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၁)

ဘိက္ခုနီမသည် ရဟန်းယောကျာ်းမရှိသော ကျောင်း၌ ဝါမဆိုအပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၂)

ဘိက္ခုနီမသည် လခွဲတိုင်း လခွဲတိုင်း ဘိက္ခုသံဃာထံမှ ဥပုသ်ကို မေးခြင်း၊ အဆုံးအမခံရန် ချဉ်းကပ်ခြင်းဟူသော ဤတရားနှစ်ပါးတို့ကို လိုလားတောင့်တရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၃)

ဘိက္ခုနီမသည် ဝါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အကြောင်းသုံးမျိုးတို့ဖြင့် ဖိတ်ကြားရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၄)

ဘိက္ခုနီမသည် သံဃာဒိသိသ်အာပတ်သို့ ရောက်လတ်သော် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကို ကျင့်ရ မည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၅)

နှစ်နှစ်တို့ပတ်လုံး တရားခြောက်ပါးတို့၌ အကျင့်ကို ကျင့်ပြီးသော သိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္စင်းခံခြင်းကို ရှာရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက် ထက်ဆုံး မလွန်ကျူးအပ်။ (၆)

ဘိက္ခုနီမသည် ရဟန်းယောကျာ်းကို တစ်စုံတစ်ခုသော ဆဲရေး ရေရွတ်ခြင်းမျိုးဖြင့် မဆဲရေးအပ်၊ မရေရွတ်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၇)

ရဟန်းဖြစ်သည့်နေ့မှစ၍ ရဟန်းယောကျာ်းတို့အပေါ်၌ ဘိက္ခုနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင်အပ်၏၊ ဘိက္ခုနီမတို့အပေါ်၌ ရဟန်းယောကျာ်းတို့၏ ပြောဆိုခွင့်ကို မပိတ်ပင်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၈)

အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဤဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထိုဝန်ခံချက်သည်ပင် ထိုဂေါတမီအတွက် ပဉ္စင်းခံမှုဖြစ်စေလော့ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံ၌ ဂရုဓံရှစ်ပါးတို့ကို သင်ယူခဲ့ပြီး၍ မဟာပဇာ ပတိဂေါတမီထံသို့ ချဉ်းကပ်ပြီးလျှင်—“ဂေါတမီ သင်သည် ဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည်ဖြစ်အံ့၊ ထိုဝန်ခံချက်သည်ပင် သင့်အတွက် ပဉ္စင်းခံမှု ဖြစ်လိမ့်မည်—

ဘိက္ခုနီမသည် ပဉ္စင်းဖြစ်၍ ဝါတစ်ရာရရှိသော်လည်း ထိုနေ့ ပဉ္စင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းကို ပြုရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ပ။

ရဟန်းဖြစ်သည့် နေ့မှစ၍ ရဟန်းယောကျာ်းတို့အပေါ်၌ ဘိက္ခုနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင် အပ်၏၊ ဘိက္ခုနီမတို့အပေါ်၌ ရဟန်းယောကျာ်းတို့၏ပြောဆိုခွင့်ကို မပိတ်ပင်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ဂေါတမီ သင်သည် ဤဂရုဓံ ရှစ်ပါးတို့ကို ဝန်ခံမူ၊ ထိုဝန်ခံချက်သည်ပင် သင့်အတွက် ပဉ္စင်းခံမှု ဖြစ်လိမ့်မည်ဟု ပြောဆို၏။ အသျှင်ဘုရားအာနန္ဒာ ငယ်ရွယ်နုပျိုလျက် တန်ဆာဆင်လေ့ရှိသော ဦးခေါင်းဆေးလျှော်ပြီးသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း ကြာပန်းကိုဖြစ်စေ မိုးဆွေပန်းကိုဖြစ်စေ စစ်သိမ်ပန်းကိုဖြစ်စေရ၍ လက်နှစ်ဖက်တို့ဖြင့် ခံယူကာ မြတ်သော အင်္ဂါဖြစ်သော ဦးခေါင်း၌ ထားရာသကဲ့သို့ အသျှင်ဘုရား အာနန္ဒာ ဤအတူပင် အကျွန်ုပ်သည် အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော ဤဂရုဓံရှစ်ပါးတို့ကို ဝန်ခံပါ၏ဟု (လျှောက်၏)။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် “အသျှင်ဘုရား မဟာပဇာပတိဂေါတမီသည် အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော ဂရုဓံရှစ်ပါးတို့ကို ဝန်ခံပါ၏”ဟူ၍ (လျှောက်၏)။

အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရှင်ရဟန်းအဖြစ်ကို မရပါလျှင် မြတ်သောအကျင့် ‘သာသနာတော်’ သည် ကြာမြင့်စွာ တည်တံ့ရာ၏၊ အနှစ်တစ်ထောင်ပတ်လုံး သူတော်ကောင်းတရားသည် တည်ရာ၏။ အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရားဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရှင်ရဟန်းအဖြစ်ကို ရသောကြောင့် ယခုအခါ၌ မြတ်သောအကျင့် ‘သာသနာတော်’ သည် ကြာမြင့်စွာ တည်တံ့လိမ့်မည် မဟုတ်။ အာနန္ဒာ ယခုအခါ အနှစ်ငါးရာတို့သာလျှင် သူတော်ကောင်း တရားသည် တည်တံ့လိမ့်မည်။ အာနန္ဒာ မာတုဂါမများ၍ ယောကျာ်းနည်းသော မည်သည့်အိမ်တို့ကိုမဆို အိုးထဲ၌ မီးထွန်း၍ ခိုးတတ်သော သူခိုးတို့သည် ဖျက်ဆီးလွယ်ကုန်သကဲ့သို့၊ အာနန္ဒာ ဤအတူပင် အကြင်ဓမ္မဝိနယ ‘သာသနာတော်’၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်၍ ရှင်ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သောအကျင့် ‘သာသနာတော်’သည် ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ပြည့်စုံ ဖြစ်ထွန်းသော သလေးခင်း၌ ဖလံဖြူမည်သော ရောဂါမျိုးကျရောက်သော် ထိုသလေးခင်းသည် ကြာမြင့်စွာ မတည်တံ့နိုင်သကဲ့သို့၊ အာနန္ဒာ ဤအတူပင် အကြင်ဓမ္မဝိနယ ‘သာသနာတော်’၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရှင်ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် ‘သာသနာတော်သည်’ ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ပြည့်စုံဖြစ်ထွန်းသော ကြံခင်း၌ အူနီမည်သော ရောဂါမျိုးကျ ရောက်သော် ထိုကြံခင်းသည် ကြာမြင့်စွာ မတည်တံ့နိုင်သကဲ့သို့၊ ဤအတူပင် အကြင်ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရှင်ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သောအကျင့် ‘သာသနာတော်သည်’ ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ယောကျာ်းသည် ရေကန်ကြီး၏ ကန်ပေါင်ရိုးကို ရေမကျော်လွန်နိုင်လောက်အောင် စောစောက ကြိုတင်၍ ကန်သင်းဖွဲ့သကဲ့သို့ ဤအတူပင်ငါသည် ဘိက္ခုနီမတို့အတွက် အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော ဂရုဓံရှစ်ပါးတို့ကို ပညတ်ပြီးခဲ့ပြီဟု (မိန့်တော်မူ၏)။

ပဌမသုတ်။