အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၃-သံခိတ္တသုတ်

၅၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်လျက်—အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် အကျွန်ုပ်အား တရားကို ဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို ကြားနာပြီးလျှင် ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လပြုကာ စိတ်ကို (နိဗ္ဗာန်သို့) စေလွှတ်လျက် နေလိုပါ၏ဟု လျှောက်၏။ ဂေါတမီ သင်သည် အကြင်တရားတို့ကို ဤတရားတို့ကား တပ်မက်မှုရာဂနှင့်တကွ ဖြစ်ရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှုရာဂကင်းရန် မဖြစ်ကုန်၊ ဝဋ်၌ ယှဉ်ရန်သာ ဖြစ်ကုန်၏၊ ဝဋ်ကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ ပွါးစီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲကို ဖျက်ဆီးရန် မဖြစ်ကုန်၊ အလိုကြီးရန်သာ ဖြစ်ကုန်၏၊ အလိုနည်းရန် မဖြစ်ကုန်၊ မရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ ရောင့်ရဲရန် မဖြစ်ကုန်၊ အပေါင်းအဖော်နှင့် နေရန်သာ ဖြစ်ကုန်၏၊ ဆိတ်ငြိမ်ရန် မဖြစ်ကုန်၊ ပျင်းရိရန်သာ ဖြစ်ကုန်၏၊ ကြိုးစားအားထုတ်ရန် မဖြစ်ကုန်၊ (မိမိကိုယ်ကို) မွေးမြူနိုင်ခဲရန်သာ ဖြစ်ကုန်၏၊ မွေးမြူလွယ်ရန် မဖြစ်ကုန်ဟု သိငြားအံ့၊ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားမဟုတ်၊ ဤကား ဝိနည်းမဟုတ်၊ ဤကား မြတ်စွာဘုရား အဆုံးအမ မဟုတ်ဟု မှတ်ယူလေလော့။

ဂေါတမီ သင်သည် “အကြင်တရားတို့ကို ဤတရားတို့ကား တပ်မက်မှုရာဂကင်းရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှုရာဂနှင့်တကွ ဖြစ်ခြင်းငှါ မဖြစ်ကုန်၊ ဝဋ်ကင်းရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ ယှဉ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲ ပွါးစီးရန် မဖြစ်ကုန်၊ အလိုနည်းရန်သာ ဖြစ်ကုန်၏၊ အလိုကြီးရန် မဖြစ်ကုန်၊ ရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ မရောင့်ရဲရန် မဖြစ်ကုန်၊ ဆိတ်ငြိမ် ရန်သာ ဖြစ်ကုန်၏၊ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်၊ ကြိုးစားအားထုတ်ရန်သာ ဖြစ်ကုန်၏၊ ပျင်းရိရန် မဖြစ်ကုန်၊ (မိမိ ကိုယ်ကို) မွေးမြူလွယ်ရန်သာ ဖြစ်ကုန်၏၊ မွေးမြူနိုင်ခဲရန် မဖြစ်ကုန်”ဟု သိငြားအံ့။ ဂေါတမီ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း”ဟု မှတ်ယူလေလော့ဟူ၍ (မိန့်တော်မူ၏)။

တတိယသုတ်။