အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၅-ဥဇ္ဇယသုတ်

၅၅။ ထိုအခါ ဥဇ္ဇယပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား—“အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အရပ်တစ်ပါးသို့ သွားရန် အလိုရှိကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား မျက်မှောက်ဘဝ၌ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ တမလွန်ဘဝ၌ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော တရားကို ဟောတော်မူပါ”ဟု လျှောက်၏။ ပုဏ္ဏား ဤတရားလေးမျိုးတို့သည် အမျိုးကောင်းသားအား မျက်မှောက်ဘဝ၌ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ—ထကြွလုံ့လနှင့် ပြည့်စုံမှု၊စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု၊ မိတ်ဆွေကောင်းရှိမှု၊ မျှတစွာ အသက်မွေးမှုတို့တည်း။

ပုဏ္ဏား ထကြွလုံ့လနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အမျိုးကောင်းသား သည် အသက်မွေးကြောင်း အလုပ်ဖြစ်သော လယ်လုပ်ခြင်းဖြင့်ဖြစ်စေ ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ နွားကျောင်းခြင်းဖြင့်ဖြစ်စေ လေးသမားအတတ်ဖြင့်ဖြစ်စေ မင်းလုလင်အလုပ်ဖြင့်ဖြစ်စေ အခြားအတတ် ပညာ တစ်မျိုးမျိုးဖြင့်ဖြစ်စေ အသက်မွေးမှု ပြု၏၊ ထိုအလုပ်၌ ကျွမ်းကျင်၏၊ ပျင်းရိမှု မရှိ၊ ထို (လုပ်ငန်း) ၌ အကြောင်းကို စုံစမ်းတတ်သော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ခြင်းငှါလည်း စွမ်းနိုင်၏၊ စီရင်ခြင်းငှါလည်း စွမ်းနိုင်၏။ ပုဏ္ဏား ဤသည်ကို ထကြွလုံ့လနှင့် ပြည့်စုံမှု ‘ဥဋ္ဌာနသမ္ပဒါ’ဟု ဆိုအပ်၏။ ပုဏ္ဏားစောင့်ရှောက်ခြင်းနှင့်ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အမျိုးကောင်းသားအား ထကြွလုံ့လကြောင့် ရအပ်ကုန်သော လက်ရုံးအားကိုး ဆည်းပူးအပ်ကုန်သော ချွေးဒီးဒီးကျ ပြုအပ်ကုန်သော တရားနှင့် လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော စည်းစိမ် (ဥစ္စာ)တို့သည် ရှိကုန်၏၊ ထိုစည်းစိမ် (ဥစ္စာ)တို့ကို “အဘယ်သို့လျှင် ငါ၏ ဤစည်းစိမ် (ဥစ္စာ)တို့ကို မင်း (အစိုးရ)တို့ မဆောင်ယူနိုင်ကုန်ရာသနည်း၊ ခိုးသူတို့ မဆောင်ယူနိုင်ကုန်ရာသနည်း၊ မီးမလောင်နိုင်ရာသနည်း၊ ရေ မမျောနိုင်ရာသနည်း၊ မချစ်မနှစ်သက်သော အမွေခံ (ဆိုး)တို့ မဆောင်ယူနိုင်ကုန်ရာသနည်း”ဟုစောင့်ရှောက်ခြင်း လုံခြုံစေခြင်းနှင့် ပြည့်စုံ၏။ ပုဏ္ဏား ဤသည်ကိုစောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ‘အာရက္ခသမ္ပဒါ’ဟု ဆိုအပ်၏။ ပုဏ္ဏား မိတ်ဆွေကောင်းရှိမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အမျိုးကောင်းသားသည် အကြင်ရွာ၌ဖြစ်စေ နိဂုံး၌ဖြစ်စေ နေ၏၊ ထိုရွာ နိဂုံး၌ရှိသော ငယ်သော်လည်း ကြီးမြင့်သည့် ကိုယ်ကျင့် ရှိကုန်သော ကြီး၍လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် သဒ္ဓါတရားနှင့် ပြည့်စုံကုန် သီလနှင့် ပြည့်စုံကုန် စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန် ပညာနှင့် ပြည့်စုံကုန်သော သူကြွယ်တို့နှင့်ဖြစ်စေ သူကြွယ်သားတို့နှင့်ဖြစ်စေ အတူနေ၏၊ အတူပြောဆို၏၊ အတူဆွေးနွေး၏၊ ယင်းသဒ္ဓါတရားနှင့် ပြည့်စုံသူတို့၏ သဒ္ဓါတရားနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းသီလနှင့် ပြည့်စုံသူတို့၏ သီလနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းစွန့်ကြဲခြင်းနှင့် ပြည့်စုံသူတို့၏ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်း ပညာနှင့် ပြည့်စုံသူတို့၏ ပညာနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏။ ပုဏ္ဏား ဤသည်ကို မိတ်ဆွေ ကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’ဟု ဆိုအပ်၏။ ပုဏ္ဏား မျှတစွာ အသက်မွေးမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အမျိုးကောင်းသား သည် စည်းစိမ် (ဥစ္စာ)တို့၏ တိုးပွါးမှု (ဝင်ငွေ) ကိုလည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကိုလည်းကောင်း သိ၍ “ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည် မဟုတ်”ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ပုဏ္ဏား ဥပမာသော်ကား ရာဇူကိုင်သမားသည်လည်းကောင်း၊ ရာဇူကိုင်၏ တပည့်သည်လည်းကောင်း ရာဇူ (ချိန်ခွင်) ကို မြှောက်၍ “ဤမျှလောက်ဖြင့် အောက်သို့ နိမ့်၏၊ ဤမျှလောက်ဖြင့် အထက်သို့ မြင့်၏”ဟု သိသကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် အမျိုးကောင်း သားသည် စည်းစိမ် (ဥစ္စာ)တို့၏ တိုးပွါးမှု (ဝင်ငွေ) ကိုလည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကိုလည်းကောင်း သိ၍ “ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလိမ့် မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည် မဟုတ်”ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ပုဏ္ဏား ဤအမျိုးကောင်းသားသည် တိုးပွါးမှု (ဝင်ငွေ) နည်းသည် ဖြစ်ပါလျက် (အထက်တန်းကျ) သော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ၊ ထိုသူအား “ဤအမျိုးကောင်းသားသည် သဖန်းသီးကို စားသူကဲ့သို့ စည်းစိမ် (ဥစ္စာ)တို့ကို သုံးဆောင်စားသောက်၏”ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ပုဏ္ဏား ဤအမျိုးကောင်းသားသည် (တိုးပွါးမှု) ဝင်ငွေ များသည်ဖြစ်လျက် ငြိုငြင်ဆင်းရဲသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ၊ ထိုအမျိုးသားအား “ဤအမျိုးသားသည် အကြီးအကဲမရှိသော (အားထားရာမဲ့) သေခြင်းကဲ့သို့ သေရလတ္တံ့”ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ပုဏ္ဏား အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု (ဝင်ငွေ) ကိုလည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကိုလည်းကောင်း သိ၍ “ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလတ္တံ့၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည်မဟုတ်”ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ပုဏ္ဏား ဤသည်ကို မျှတစွာ အသက်မွေးမှု ‘သမဇီဝိတာ’ဟု ဆိုအပ်၏။ ပုဏ္ဏား ဤသို့ ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ ပျက်စီးကြောင်းတို့သည် မိန်းမလိုက် စားမှု၊ သေသောက်ကြူးမှု၊ အလောင်းအစားကြူးမှု၊ ယုတ်မာသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူရှိမှုဟု လေးမျိုးတို့ ဖြစ်ကုန်၏။ ပုဏ္ဏား ဥပမာအားဖြင့် ကြီးစွာသော တစ်ဖက်ဆည်ကန်၏ ရေဝင်ပေါက်လေးခု ရေထွက်ပေါက် လေးခုတို့ရှိရာ ယောကျာ်းသည် ထိုတစ်ဖက်ဆည်ကန်၏ ရေဝင်ပေါက်တို့ကို ပိတ်ရာ၏၊ ရေထွက်ပေါက်တို့ကို ဖွင့်ရာ၏၊ မိုးသည်လည်းကောင်းစွာ မရွာသွန်းရာ။ ပုဏ္ဏား ဤသို့ ဖြစ်သည်ရှိသော် ထိုတစ်ဖက် ဆည်ကန်ကြီးသည် ယုတ်လျော့မည်သာ ဧကန်ဖြစ်လိမ့်မည်၊ တိုးပွါးမည် မဟုတ်တော့ပေ၊ ပုဏ္ဏား ဤအတူသာလျှင် ဤသို့ ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ ပျက်စီးကြောင်းတို့သည် မိန်းမ လိုက်စားမှု၊ သေသောက်ကြူးမှု၊ အလောင်းအစားကြူးမှု၊ ယုတ်မာသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင် သူရှိမှုဟု လေးမျိုးတို့ ဖြစ်ကုန်၏။ ပုဏ္ဏား ဤသို့ ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ တိုးပွါးကြောင်းတို့သည် မိန်းမ မလိုက် စားမှု၊ သေသောက် မကြူးမှု၊ အလောင်းအစား မကြူးမှု၊ ကောင်းသော အဆွေခင်ပွန်းချစ်ကျွမ်းဝင် သူရှိမှုဟု လေးမျိုးတို့ ဖြစ်ကုန်၏။ ပုဏ္ဏား ဥပမာသော်ကား ကြီးစွာသော တစ်ဖက်ဆည်ကန်၏ ရေဝင်ပေါက်လေးခု ရေထွက်ပေါက် လေးခုတို့ရှိရာ ယောကျာ်းသည် ထိုရေကန်၏ ရေဝင်ပေါက်တို့ကို ဖွင့်ရာ၏၊ ရေထွက်ပေါက်တို့ကို ပိတ်ရာ၏၊ မိုးသည်လည်း သည်းထန်စွာ ရွာသွန်းရာ၏၊ ပုဏ္ဏား ဤသို့ ဖြစ်သည်ရှိသော် ထိုတစ်ဖက် ဆည်ကန်ကြီးသည် တိုးပွါးမည်သာ ဖြစ်လိမ့်မည် ယုတ်လျော့မည် မဟုတ်တော့ပေ။ ပုဏ္ဏား ဤအတူ သာလျှင် ဤသို့ ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ တိုးပွါးကြောင်းတို့သည် မိန်းမ မလိုက်စားမှု၊ သေသောက် မကြူးမှု၊ အလောင်းအစား မကြူးမှု၊ ကောင်းသော အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူရှိမှုဟု လေးမျိုးတို့ ဖြစ်ကုန်၏။ ပုဏ္ဏား ဤတရားလေးမျိုးတို့သည်ကား အမျိုးကောင်းသားအား မျက်မှောက်ဘဝ၌ စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ပုဏ္ဏား ဤတရားလေးမျိုးတို့သည်ကား အမျိုးကောင်းသားအား နောင်တမလွန်ဘဝ၌ စီးပွါး ဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— သဒ္ဓါတရားနှင့် ပြည့်စုံမှု၊ အကျင့် သီလနှင့် ပြည့်စုံမှု၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု၊ ပညာနှင့် ပြည့်စုံမှုတို့တည်း။

ပုဏ္ဏား သဒ္ဓါတရားနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ဤလောက၌ အမျိုးကောင်းသားသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏၊ “ထိုမြတ်စွာဘုရား သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်း တန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ယုံကြည်၏။ ပုဏ္ဏား ဤသည်ကို သဒ္ဓါတရားနှင့် ပြည့်စုံမှုဟူ၍ ဆိုအပ်၏။ ပုဏ္ဏား အကျင့်သီလနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤသာသနာတော်၌ အမျိုး ကောင်းသားသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏၊ ပုဏ္ဏား ဤသည်ကို အကျင့်သီလနှင့် ပြည့်စုံမှုဟူ၍ ဆိုအပ်၏။ ပုဏ္ဏား စွန့်ကြ ဲခြင်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤသာသနာတော်၌ အမျိုး ကောင်းသားသည် လွတ်လွတ်စွန့်ကြဲမှု ရှိ၏၊ (စွန့်ကြဲအံ့ဟု) ဆေးကြောအပ်သော လက်ရှိသူ၊ စွန့်ကြဲခြင်း၌ မွေ့လျော်သူ၊ တောင်းခံခြင်းငှါထိုက်သူ၊ ပေးကမ်းဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ပုဏ္ဏား ဤသည်ကို စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုဟူ၍ ဆိုအပ်၏။ ပုဏ္ဏား ပညာနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤသာသနာတော်၌ အမျိုးကောင်းသားသည် ပညာရှိ၏။ပ။ ဝဋ်ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အဖြစ်အပျက်ကို ထိုးထွင်း၍ သိသော မြတ်သောပညာနှင့် ကောင်းစွာ ပြည့်စုံ၏။ ပုဏ္ဏား ဤသည်ကို ပညာနှင့် ပြည့်စုံမှုဟူ၍ ဆို အပ်၏။ ပုဏ္ဏား ဤတရားလေးမျိုးတို့သည်ကား အမျိုးကောင်းသားအား နောင်တမလွန်ဘဝ၌ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အလုပ်လုပ်ရာဌာနတို့၌ ထကြွလုံ့လရှိလျက် မမေ့မလျော့မူ၍ အထူးစီမံခြင်းနှင့် ပြည့်စုံသော ယောကျာ်းသည် မျှတစွာ အသက်မွေးမှုကို ပြု၏၊ ဆည်းပူးအပ်ပြီးသော ဥစ္စာကို အစဉ်စောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့်ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယ ကင်း၏၊ တမလွန်ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်) လမ်းကို အမြဲ သုတ်သင်၏။ ဤသို့လျှင် ဤတရားရှစ်ပါးတို့သည် အိမ်ထောင်ဝတ်ကို ရှာမှီးလေ့ရှိသော သဒ္ဓါ တရားနှင့် ပြည့်စုံသူအား မျက်မှောက်ဘဝ၌ အစီးအပွါးအလို့ငှါလည်းကောင်း၊ နောင်တမလွန်ဘဝ၌ ချမ်းသာခြင်းငှါလည်းကောင်း နှစ်ပါးစုံသော ဘဝ၌ ချမ်းသာကို ဆောင်တတ်ကုန်၏ဟူ၍ အမည်မှန်ရှိတော်မူသော မြတ်စွာဘုရားသည် ဟောကြား တော်မူအပ်၏။ ဤသို့လျှင် လူဖြစ်သော သူတို့အား စွန့်ကြဲမှုစာဂ ထိုမှ ကြွင်းသော ကောင်းမှုကုသိုလ်သည် တိုးပွါး၏။

ပဉ္စမသုတ်။