အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၆-ဘယသုတ်

၅၆။ ရဟန်းတို့ “ဘေး”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “ဆင်းရဲ”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “ရောဂါ”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “အိုင်းအမာ”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “ငြောင့်”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “ကပ်ငြိမှု”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “ညွန်”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။ ရဟန်းတို့ “အမိဝမ်းတိုက် ကိန်းအောင်းမှု”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။

ရဟန်းတို့ အဘယ်ကြောင့်လျှင် “ဘေး”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည် ဖြစ် သနည်း၊ ရဟန်းတို့ အကြင့်ကြောင့် ကာမရာဂဖြင့် တပ်မက်၍ ဆန္ဒရာဂနှောင်ဖွဲ့အပ်သော ဤသတ္တဝါသည် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးမှလည်း မလွတ်၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးမှလည်း မလွတ်၊ ထို့ကြောင့် ဘေးဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်၏။ ရဟန်းတို့ အဘယ်ကြောင့်လျှင် “ဆင်းရဲ”ဟူသော ဤအမည်သည်။ပ။ “ရောဂါ”ဟူသော ဤအမည်သည်။ “အိုင်းအမာ”ဟူသော ဤအမည်သည်။ “ငြောင့်”ဟူသော ဤအမည်သည်။ “ကပ်ငြိမှု”ဟူသော ဤအမည်သည်။ “ညွန်”ဟူသော ဤအမည်သည်။ “အမိဝမ်းတိုက် ကိန်းအောင်းမှု”ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်သနည်း။

ရဟန်းတို့ အကြင့်ကြောင့် ကာမရာဂဖြင့် တပ်မက်၍ ဆန္ဒရာဂနှောင်ဖွဲ့အပ်သော ဤသတ္တဝါသည် မျက်မှောက်ဘဝ၌ ဖြစ်သော အမိဝမ်းတိုက်ကိန်းအောင်းမှုမှလည်း မလွတ်၊ တမလွန်ဘဝ၌ ဖြစ်သော အမိဝမ်းတိုက်ကိန်းအောင်းမှုမှလည်း မလွတ်၊ ထို့ကြောင့် အမိဝမ်းတိုက် ကိန်းအောင်းမှုဟူသော ဤအမည် သည် ကာမဂုဏ်တို့၏ အမည်ဖြစ်၏။ ကာမဂုဏ်တို့ကိုပင် (ပစ္စုပ္ပန် တမလွန်) နှစ်ပါးစုံဖြစ်သော ဘေး—ဆင်းရဲ—ရောဂါ—အနာ — ဆူးငြောင့် — ငြိကပ်မှု —ညွန် — အမိဝမ်းတိုက်ကိန်းအောင်းမှုတို့ဟုဆိုအပ်ကုန်၏၊ ယင်းကာမဂုဏ်၌ ငြိကပ်သော ပုထုဇဉ်သည် သာယာအပ်သော သဘောရှိသော ကာမဂုဏ် ချမ်းသာဖြင့် သက်ဝင်သည်ဖြစ်၍ တစ်ဖန် အမိဝမ်းတိုက်၌ ကိန်းအောင်းခြင်းငှါ ရောက်ရ၏။ အကြင်အခါ၌ကား ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လရှိသော ရဟန်း သည် ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာကို မကင်းလွတ်စေ၊ (ထိုအခါ၌) ထိုသို့ သဘောရှိသော ထိုရဟန်းသည် ကူးနိုင်ခဲသော ဤသံသရာ ခရီးခဲကို လွန်မြောက်၍ ပဋိသန္ဓေနေခြင်း အိုခြင်းနှင့် ပြည့်စုံသော တုန်လှုပ်သော သတ္တဝါအပေါင်းကို (ဉာဏ်ဖြင့်) ရှုမြင်နိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။