အင်္ဂုတ္တရနိကာယ်
(၆) ၁-ဂေါတမီဝဂ်
၇-ပဌမ အာဟုနေယျသုတ်
၅၇။ ရဟန်းတို့ တရားရှစ်မျိုးုတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော် လည်း ပေးလှူအပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကိုသော်လည်း ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီရန် ထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ များသော အကြားအမြင် ရှိ၏။ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။ ကောင်းသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ ရှိ၏၊
မှန်သော အယူရှိ၏၊ မှန်သော ဉာဏ်အမြင်နှင့် ပြည့်စုံ၏၊
လွန်မြတ်သော စိတ်ကိုဖြစ်စေတတ်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်း၏ အကြောင်း ဖြစ်သော ဈာန်လေးပါးတို့ကို မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏၊
များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊
အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် မြင်၏။ပ။ ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိ၏၊
အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော် လည်း ပေးလှူအပ်သော အလှူကို ခံထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။