အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၈-ဒုတိယ အာဟုနေယျသုတ်

၅၈။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူကို ခံထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ များသော အကြားအမြင် ရှိ၏။ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော အားထုတ်မှုရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ပစ် မဖြစ်။ တောကျောင်း၌ နေ၍ အရညကင်ဓူတင်ကို ဆောက်တည်၏။ မမွေ့လျော်မှုကို သည်းခံနိုင်၏၊ ဖြစ်ပေါ်လာသော မမွေ့လျော်မှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေ၏။ ကြောက်မက်ဖွယ် ဘေးရန်ကို သည်းခံနိုင်၏၊ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ဘေးရန်ကို နှိမ်နင်း၍ နှိမ်နင်း၍ နေ၏။ လွန်မြတ်သော စိတ်ကိုဖြစ်စေတတ်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်း၏ အကြောင်းဖြစ်သော ဈာန်လေးမျိုးတို့ကို မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏။ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤတရား ရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူကို ခံထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။