အင်္ဂုတ္တရနိကာယ်

၁-မေတ္တာဝဂ်

၆-ဒုတိယ လောကဓမ္မသုတ်

၆။ ရဟန်းတို့ ဤလောကဓံတရားရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည် လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—လာဘ်ရမှု, လာဘ်မရမှု၊ အခြံအရံရှိမှု, အခြံအရံမရှိမှု၊ ကဲ့ရဲ့မှု, ချီးမွမ်းမှု၊ ချမ်းသာမှု, ဆင်းရဲမှုတို့တည်း။ ရဟန်းတို့ ဤလောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်အား လာဘ်ရမှုသည်လည်းကောင်း၊ လာဘ်မရမူသည် လည်းကောင်း၊ အခြံအရံရှိမှုသည်လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည်လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဖြစ်၏။ ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အားလည်း လာဘ်ရမှုသည်လည်းကောင်း၊ လာဘ် မရမှုသည်လည်းကောင်း၊ အခြံအရံရှိမှုသည်လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည် လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဖြစ်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ အကြားအမြင်ရှိသော အရိယာတပည့်၏ အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အဘယ်သို့ ထူးသနည်း၊ အဘယ်သို့ အားထုတ်မှု လွန်ကဲသနည်း၊ အဘယဲ့်သို့ပြုမူပုံထူး သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်သည် မြတ်စွာဘုရားလျှင် အရင်းခံရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်ညွှန်ပြသူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဟောတော်မူအပ်သော ထိုစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသည်သာလျှင် ဟောကြားတော်မူပါလော့၊ မြတ်စွာဘုရား၏ ဟောကြားတော်မူချက်ကို နာကြားကြရသည်ရှိသော် ရဟန်းတို့ သည် ဆောင်ရွက်မှတ်သားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏ —

ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်အား လာဘ်ရမှုသည် ဖြစ်၏၊ ထိုပုထုဇဉ်သည် “ငါ့အား လာဘ်ရမှုသည် ဖြစ်ခဲ့ပြီ၊ ထိုလာဘ်ရမှုသည်ကား အမြဲမရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘော ရှိ၏”ဟု မဆင်ခြင်၊ဟုတ်တိုင်းမှန်စွာ မသိ။ လာဘ်မရမှုသည် ဖြစ်၏။ပ။ အခြံအရံရှိမှုသည် ဖြစ်၏။ အခြံအရံမရှိမှုသည် ဖြစ်၏။ ကဲ့ရဲ့မှုသည် ဖြစ်၏။ ချီးမွမ်းမှုသည် ဖြစ်၏။ ချမ်းသာမှုသည် ဖြစ်၏။ ဆင်းရဲမှုသည် ဖြစ်၏။ ထိုပုထုဇဉ်သည် “ငါ့အား ဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ၊ ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏”ဟုဟုတ်တိုင်းမှန်စွာ မသိ။

ထိုပုထုဇဉ်အား လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ လာဘ်မရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ အခြံအရံအကျော်အစော ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ အခြံအရံ အကျော်အစောမရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ထိုပုထုဇဉ်သည် လာဘ်ရမှု ဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊ လာဘ်မရမှု ဖြစ်သည်ရှိသော် ဝမ်းနည်း၏၊ အခြံအရံရှိမှုဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊ အခြံအရံ မရှိမှုဖြစ်သည် ရှိသော် ဝမ်းနည်း၏၊ ချီးမွမ်းမှု ဖြစ်သည် ရှိသော် ဝမ်းမြောက်၏၊ ကဲ့ရဲ့မှုဖြစ်သည်ရှိသော် ဝမ်းနည်း၏၊ ချမ်းသာမှုဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊ ဆင်းရဲမှုဖြစ်သည် ရှိသော် ဝမ်းနည်း၏၊ ထိုပုထုဇဉ်သည် ဤသို့ ဝမ်းမြောက်မှု ဝမ်းနည်းမှုသို့ရောက်သည်ဖြစ်၍ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်နိုင်၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင်ဟု ငါဆို၏။ ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အားလည်း လာဘ်ရမှုသည် ဖြစ်၏၊ ထိုအရိယာ တပည့်သည် “ငါ့အား ဤလာဘ်ရမှုသည် ဖြစ်ခဲ့ပြီ၊ ထိုလာဘ်ရမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏”ဟု ဆင်ခြင်၏၊ဟုတ်တိုင်းမှန်စွာ သိ၏။ လာဘ်မရမှုသည် ဖြစ်၏။ပ။ အခြံအရံ ရှိမှုသည် ဖြစ်၏။ အခြံအရံ မရှိမှုသည် ဖြစ်၏။ ကဲ့ရဲ့မှုသည် ဖြစ်၏။ ချီးမွမ်းမှုသည် ဖြစ်၏။ ချမ်းသာမှုသည် ဖြစ်၏။ ဆင်းရဲမှုသည် ဖြစ်၏။ ထိုအရိယာ တပည့်သည် “ငါ့အား ဤဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ၊ ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏”ဟု ဆင်ခြင်၏၊ဟုတ်တိုင်းမှန်စွာ သိ၏။ ထိုအရိယာတပည့်အား လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ လာဘ်မရမှု သည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ အခြံအရံ ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ အခြံအရံ မရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ထိုအရိယာတပည့်သည် လာဘ်ရမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ လာဘ်မရမှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊ အခြံအရံရှိမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ အခြံအရံ မရှိမှုဖြစ်သည်ရှိသော် ဝမ်းမနည်း၊ ချီးမွမ်းမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ ကဲ့ရဲ့မှုဖြစ်သည်ရှိသော် ဝမ်းမနည်း၊ ချမ်းသာမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ ဆင်းရဲမှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊ ထိုအရိယာတပည့်သည် ဤသို့ ဝမ်းမြောက်မှု ဝမ်းနည်းမှုကို ပယ်နိုင်သည် ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်၏၊ ဆင်းရဲအပေါင်းမှ လွတ်မြောက်၏ဟု ငါဆို၏။ ရဟန်းတို့ ဤသည်သာလျှင် အကြားအမြင်ရှိသော အရိယာတပည့်၏ အကြားအမြင် မရှိသော ပုထုဇဉ်နှင့် ထူးသော အကြောင်းတည်း၊ လွန်ကဲသော အားထုတ်မှုတည်း၊ ထူးသော ပြုမူပုံတည်းဟု (မိန့်တော်မူ၏)။

လာဘ်ရမှုသည်လည်းကောင်း၊ လာဘ်မရမှုသည်လည်းကောင်း၊ အခြံအရံရှိမှုသည် လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည်လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည်မရှိကုန်၊ ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိကုန်၏။ သတိနှင့် ပြည့်စုံသော ပညာရှိသည် ထိုတရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို (ဉာဏ်ဖြင့်) ရှုဆင်ခြင်၏၊ ထိုသို့သော ပညာရှိ၏ စိတ်ကို အလိုရှိအပ်သော လောကဓံတရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံတရားတို့ကြောင့်လည်း စိတ်ထိခိုက်ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။ ထိုသူအား စိတ်နှင့် လျော်သော လောကဓံတရားတို့သည်လည်းကောင်း၊ စိတ်နှင့် ဆန့်ကျင်သော လောကဓံတရားတို့သည်လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီး ဖြစ်၍ မရှိကုန်၊ ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှုမရှိသော နိဗ္ဗာန်ကို သိလျက် ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သည်၏ အဖြစ်ကို ကောင်းစွာ သိနိုင်ပေ၏။

ဆဋ္ဌသုတ်။