အင်္ဂုတ္တရနိကာယ်
(၇) ၂-ဘူမိစာလဝဂ်
၆-ဝိမောက္ခသုတ်
၆၆။ ရဟန်းတို့ (ဆန့်ကျင်ဘက်တို့မှ) လွတ်မြောက်မှု ‘ဝိမောက္ခ’ ဈာန်တို့သည် ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — (မိမိသန္တာန်၌) ကသိုဏ်း ရုပ် ဈာန် ရှိသည်ဖြစ်၍ (ပြင်ပ သန္တာန်၌လည်း ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဤကား ပဌမ လွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
မိမိသန္တာန်၌ (ကသိုဏ်း) ရုပ်ကို မရှုမှတ်မူ၍ ပြင်ပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယ လွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
“တင့်တယ်၏”ဟူ၍သာ နှလုံးသွင်း၏၊ ဤကား တတိယ လွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံး မသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား စတုတ္ထလွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
အာကာသာနဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံးသွင်း လျက် ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမ လွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌ လွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
အာကိဉ္စညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား သတ္တမလွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
နေဝသညာနာသညာယတန (ဈာန်)ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ချုပ်ရာ (နိရောဓ သမာပတ်) သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမ လွတ်မြောက်မှု ‘ဝိမောက္ခ’ ပေတည်း။
ရဟန်းတို့ (ဆန့်ကျင်ဘက်တို့မှ) လွတ်မြောက်မှု ‘ဝိမောက္ခ’ ဈာန်တို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။