အင်္ဂုတ္တရနိကာယ်

(၇) ၂-ဘူမိစာလဝဂ်

၁ဝ-ဘူမိစာလသုတ်

၇ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခဲ့ပြီးသော် “အာနန္ဒာ ထိုင်စရာ အခင်းကို ယူခဲ့လော့၊ နေ့သန့်စင် နေခြင်းငှါ (စာပါလစေတီသို့) ချဉ်းကပ်ကုန်အံ့”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ထိုင်စရာ အခင်းကို ယူ၍ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် စာပါလစေတီသို့ ချဉ်းကပ်၍ ခင်းထားသောနေရာ၌ ထိုင်တော်မူ၏၊ အသျှင်အာနန္ဒာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်—“အာနန္ဒာ ဝေသာလီပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော် ဖွယ် ရှိပေ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဗဟုပုတ္တကစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ စာပါလစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့် ထား၏၊ ယာဉ်ကဲဲ့့သို့ပြုထား၏၊ တည်ရာကဲဲ့့သို့ပြုထား၏၊ ဆောက်တည်ထား၏၊ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလို ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်အလွန်ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာ မြတ်စွာဘုရားသည်ကား ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏၊ ယာဉ်ကဲဲ့့သို့ပြုထားပြီး ဖြစ်၏၊ တည်ရာကဲဲ့့သို့ပြုထားပြီး ဖြစ်၏၊ ဆောက်တည်ထားပြီး ဖြစ်၏၊ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်အလွန်ဖြစ်စေ တည်နိုင်ပေ၏”ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ် အရိပ်အယောင်ကို ဤသို့ပင် ပြသော်လည်း အသျှင် အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ။ “(ထို့ကြောင့်) အသျှင်ဘုရား လူအများ၏ စီးပွါး ချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကိုစောင့်ရှောက်ရန် ဘုန်းတော် ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်း ပန်မိချေ၊ မာရ်နတ် နှောင့်ယှက်ခံရသော စိတ်ရှိသူကဲ့သို့ပင် ဖြစ်ချေ၏။ မြတ်စွာဘုရားသည် နှစ်ကြိမ် မြောက်လည်း။ပ။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာအား—“အာနန္ဒာ ဝေသာလီ ပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဂေါတမကစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ ဗဟုပုတ္တကစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ သတ္တမ္ဗစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ သာရန္ဒဒစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ စာပါလစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏၊ အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏၊ ယာဉ်ကဲဲ့့သို့ပြုထား၏၊ တည်ရာကဲဲ့့သို့ပြုထား၏၊ ဆောက်တည်ထား၏၊ ဆည်းပူးထား၏၊ ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် အလွန်ဖြစ်စေ တည်နိုင်ပေ၏။ အာနန္ဒာ မြတ်စွာဘုရားသည်ကား ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏၊ ယာဉ်ကဲဲ့့သို့ပြုထားပြီး ဖြစ်၏၊ တည်ရာကဲဲ့့သို့ပြုထားပြီး ဖြစ်၏၊ ဆောက်တည်ထားပြီး ဖြစ်၏၊ ဆည်းပူးထားပြီး ဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ မြတ်စွာဘုရား အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက်အလွန်ဖြစ်စေ တည်နိုင်ပေ၏”ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ထင်ရှားသော နိမိတ် အရိပ်အယောင်ကို ဤသို့ပင် ပြသော်လည်း အသျှင် အာနန္ဒာသည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ချေ။ (ထို့ကြောင့်) “အသျှင်ဘုရား လူအများ၏ စီးပွါး ချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကိုစောင့်ရှောက်ရန် ဘုန်းတော် ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို မတောင်း ပန်မိချေ၊ မာရ်နတ် နှောင့်ယှက်ခံရသော စိတ်ရှိသူကဲ့သို့ပင် ဖြစ်ချေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အာနန္ဒာ သင် သွားလော့၊ ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏”ဟု အသျှင်အာနန္ဒာအား မိန့်တော်မူ၏။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍ မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏။ ထိုအခါ အသျှင်အာနန္ဒာ ဖဲသွား၍ မကြာမြင့်မီ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့။ အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည် — “မာရ်နတ် ငါ၏ တပည့် ရဟန်းတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ ယောဂလေးပါးတို့ဖြင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ မရောက်ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့် လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသော တရားကို မဟောပြနိုင်ကြသေး။ ထိုမျှလောက်သော ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည် မဟုတ်”ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာရှိကြပါပြီ၊ ကောင်းစွာ ဆုံးမပြီးဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ ယောဂလေးပါးတို့ဖြင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ ရောက်ကြပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သော အကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင့်ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါပြီ။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့။ အသျှင်ဘုရား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်၊ “မာရ်နတ် ငါ၏ တပည့် ရဟန်းမိန်းမတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး။ပ။ ငါ၏တပည့် ဥပါသကာတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး။ပ။ ငါ၏တပည့် ဥပါသိကာမတို့သည် အကြင်မျှလောက်သော ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ ယောဂလေးပါးတို့ဖြင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ မရောက်ကြသေး၊ မရဲရင့် ကြသေး၊ အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေး၊ လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေး၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဖန်နိုင် မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မဟောပြနိုင်ကြသေး။ ထိုမျှလောက်သော ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူလိမ့်မည် မဟုတ်”ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ တပည့်ဥပါသိကာမတို့သည် တတ်သိလိမ္မာရှိကြပါပြီ၊ ကောင်းစွာ ဆုံးမပြီးဖြစ်ကြပါပြီ၊ ရဲရင့်ကြပါပြီ၊ ယောဂလေးပါးတို့ဖြင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ ရောက်ကြ ပါပြီ၊ အကြားအမြင် များကြပါပြီ၊ တရားတော်ကို ဆောင်နိုင်ကြပါပြီ၊ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကို ကျင့်နိုင်ကြပါပြီ၊ လျော်သော အကျင့်ကို ကျင့်နိုင်ကြပါပြီ၊ တရားနှင့် လျော်စွာ ကျင့်နိုင်ကြပါပြီ၊ မိမိတို့ ဆရာ့ဝါဒကို သင်ယူ၍ ပြောနိုင် ဟောနိုင် ပြနိုင် တည်တံ့စေနိုင် ဖွင့်နိုင် ဝေဖန်နိုင် ပေါ်လွင်စေနိုင်ကြပါပြီ၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို ဟောပြနိုင်ကြပါပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခု အခါ ပရိနိဗ္ဗာန်ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့။ အသျှင်ဘုရား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရန် ယခု အချိန်တန်ပါပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူဖူးပါသည်—“မာရ်နတ် ငါ၏ မြတ်သော အကျင့်ဟုဆိုအပ်သော ဤသာသနာတော်သည် အကြင်မျှလောက်သော ကာလပတ်လုံး (ပညာရှိ) နတ် လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွါးသေး၊ လူအများ မသိသေး၊ များစွာ မဖြစ်ထွန်းသေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုတော်မူ လိမ့်မည် မဟုတ်”ဟု (မိန့်တော်မူဖူးပါသည်)။

အသျှင်ဘုရား ယခုအခါ မြတ်စွာဘုရား၏ မြတ်သော အကျင့်ဟု ဆိုအပ်သော သာသနာတော်သည် (ပညာရှိ) နတ်လူတို့ ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ။ အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် ပြုတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပါလော့။ အသျှင်ဘုရား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရန် ယခုအချိန်တန်ပါပြီဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ယုတ်မာသော မာရ်နတ်အား—မာရ်နတ် သင်မကြောင့် ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊ ယနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလိမ့်မည်ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် စာပါလစေတီ၌ (နေစဉ်) သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လွှတ်တော်မူ၏၊ မြတ်စွာဘုရားသည် အသက်ရှည်ရန် ပြုပြင်မှု ‘အာယု သင်္ခါရ’ ကို စွန့်လွှတ်တော်မူလိုက်သောအခါ ကြက်သီးမွေးညှင်းထလျက် ကြောက်မက်ဖွယ်ရာ အကြီး အကျယ် မြေ (ငလျင်) လှုပ်ခြင်းသည် ဖြစ်လေ၏၊ တော်လည်းသံ (နတ်စည်)တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအခိုက်ဝယ် ဤဥဒါန်းစကားကို ကျူးရင့်တော်မူ၏— “မြတ်စွာဘုရားသည် အတုမဲ့ နိဗ္ဗာန်နှင့် အဖန်ဖန် ဖြစ်မှုဘဝကို နှိုင်းချိန်လျက် ဘဝဖြစ်ရန် ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ၊ အဇ္ဈတ္တတရား၌ မွေ့လျော် ကာ ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်ရှိ ကိလေသာ ကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ”ဟု (ကျူးရင့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာအား ဤသို့သော အကြံသည် ဖြစ်၏—“အံ့ဖွယ်ရှိပေစွ အချင်းတို့၊ မဖြစ်ဖူး မြဲဖြစ်ပေစွ အချင်းတို့၊ ကြက်သီးမွေးညှင်းထစေလျက် ကြောက်မက်ဖွယ်ကောင်းသော ဤမြေ (ငလျင်) လှုပ်ခြင်းသည် ကြီးကျယ်လေစွတကား၊ အလွန်ကြီးကျယ်လေစွတကား၊ တော်လည်းသံ (နတ်စည်)တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းသွားကုန်၏၊ အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ အကြောင်းကား အဘယ်နည်း အထောက်အပံ့ကား အဘယ်နည်း”ဟု (အကြံဖြစ်၏)။

ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—“အံ့ဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါ ပေစွ အသျှင်ဘုရား၊ ကြက်သီးမွေးညှင်းထလျက် ကြောက်မက်ဖွယ်ကောင်းသော ဤမြေ (ငလျင်) လှုပ်ခြင်း သည် ကြီးကျယ်ပါပေစွ၊ အလွန်ကြီးကျယ်ပါပေစွ၊ တော်လည်းသံ (နတ်စည်)တို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်း သွားကုန်ပါ၏၊ အသျှင်ဘုရား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ အာနန္ဒာ အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ကား ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—အာနန္ဒာ ဤမဟာပထဝီမြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏၊ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေ၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ ပဌမ အကြောင်းအထောက်အပံ့ပေတည်း။ (၁)

အာနန္ဒာ နောက်တစ်မျိုးကား တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏ သည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါ တုန်လှုပ်စေ၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ ဒုတိယ အကြောင်းအထောက်အပံ့ ပေတည်း။ (၂)

အာနန္ဒာ နောက်တစ်မျိုးကား ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သော အခါ၌ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ့တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ တတိယ အကြောင်းအထောက်အပံ့ပေတည်း။ (၃)

အာနန္ဒာ နောက်တစ်မျိုးကား ဘုရားအလောင်းသည် သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ စတုတ္ထ အကြောင်းအထောက်အပံ့ပေတည်း။ (၄)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ ပဉ္စမ အကြောင်းအထောက်အပံ့ပေတည်း။ (၅)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားဦးကို ဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ ဆဋ္ဌ အကြောင်းအထောက်အပံ့ပေတည်း။ (၆)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ သတ္တမ အကြောင်းအထောက်အပံ့ပေတည်း။ (၇)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသော ငြိမ်းခြင်းသဘော ‘အနုပါဒိသေသနိဗ္ဗာနဓာတ်’ ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ ဤကား အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ အဋ္ဌမ အကြောင်းအထောက်အပံ့ပေတည်း။ (၈)

အာနန္ဒာ အကြီးအကျယ် မြေ (ငလျင်) လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ကား ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ဘူမိစာလဝဂ် ပြီး၏။