အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၂-ဒုတိယ သဒ္ဓါသုတ်

၇၂။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားရှိ၏၊ သီလကား မရှိ၊ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်။ ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ (ထိုအခါ) ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ များသောအကြားအမြင် ဗဟုသုတကား မရှိ။ပ။ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကကား မဟုတ်။ပ။ ဓမ္မကထိက လည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ပ။ ပရိသတ်၌ ကျက်စားသူလည်းဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူကား မဟုတ်။ပ။ ပရိသတ်၌ ရဲရဲရင့်ရင့် တရားလည်း ဟော တတ်၏၊ ရူပဈာန်(ကသိုဏ်းရုပ်)တို့ကို လွန်၍ ငြိမ်းအေး လွတ်မြောက်ကုန်သော အရူပတရားတို့ကို နာမကာယဖြင့် တွေ့ထိ၍ နေရသူကား မဟုတ်။ပ။ ရူပဈာန် (ကသိုဏ်းရုပ်)တို့ကို လွန်၍ ငြိမ်းအေး လွတ်မြောက်ကုန်သော အရူပတရားတို့ကို နာမကာယဖြင့် တွေ့ထိ၍လည်း နေရ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ကပ်ရောက်၍ကား မနေရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။ ထို့ကြောင့် “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ ဗဟုသုတ ရှိသူသည်လည်းကောင်း၊ တရားဟောသူ ဓမ္မကထိကသည်လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူသည် လည်းကောင်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်သူသည်လည်းကောင်း၊ ရူပဈာန် (ကသိုဏ်းရုပ်)တို့ကို လွန်၍ ငြိမ်းအေးလွတ်မြောက်ကုန်သော အရူပတရားတို့ကို နာမကာယဖြင့် တွေ့ထိ၍ နေရသူသည်လည်းကောင်း၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရသူဖြစ်ရပါအံ့နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်။

ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတ လည်း ရှိ၏၊ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌လည်း ကျက်စား၏၊ ပရိသတ်၌ ရဲရဲရင့်ရင့်တရား လည်း ဟောနိုင်၏၊ ရူပဈာန် (ကသိုဏ်းရုပ်)တို့ကို လွန်၍ ငြိမ်းအေး လွတ်မြောက်ကုန်သော အရူပတရားတို့ကို နာမကာယဖြင့် တွေ့ထိ၍လည်း နေရ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ကပ်ရောက်၍လည်း နေနိုင်၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ ဤတရား ရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသူသည်လည်းကောင်း၊ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံသူသည်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။