အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၃-ပဌမ မရဏဿတိသုတ်

၇၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏— “ရဟန်းတို့ သေခြင်းကို အောက်မေ့မှု “မရဏဿတိကို ပွါးများအပ် ကြိမ်ဖန် များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်) သို့ သက်ဝင်၏၊ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏။ ရဟန်းတို့ သင်တို့သည် မရဏဿတိကို ပွါးများကုန်၏လော့”ဟု မိန့်တော်မူ၏။

ဤသို့မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ် သည် မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် တစ်နေ့တစ်ညဉ့်မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည်ဖြစ်ရာ၏”ဟု ဤသို့ အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏ ဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၁)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် တစ်နေ့မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၂)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် နေ့ဝက်မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၃)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် ဆွမ်းတစ်ထပ်စားချိန်အတွင်း အသက်ရှင်နေရပါမူ ကောင်း လေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏ ဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၄)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် ဆွမ်းတစ်ထပ်စားချိန်၏ ထက်ဝက်မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၅)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် ဆွမ်းလေးလုတ်ငါးလုတ်ကို ဝါးမျိုနေချိန်အတွင်း အသက်ရှင် နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၆)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် ဆွမ်းတစ်လုတ်ကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၇)

ရဟန်းတစ်ပါးကလည်း မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏”ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား “ငါသည် ဝင်သက်ရှူ၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန်အတွင်း အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။ (၈)

ဤသို့ လျှောက်လတ်သော် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား—

ရဟန်းတို့ အကြင်ရဟန်းသည် “ငါသည် တစ်နေ့တစ်ညဉ့်မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည်ဖြစ်ရာ၏”ဟု ဤသို့ ဤမရဏဿတိကို ပွါးများ၏။ အကြင်ရဟန်းသည်ကား “ငါသည် တစ်နေ့မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ အကြင်ရဟန်းသည်ကား “ငါသည် နေ့ဝက်မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ အကြင်ရဟန်းသည်ကား “ငါသည် ဆွမ်းတစ်ထပ်စားချိန်အတွင်း အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ အကြင် ရဟန်းသည်ကား “ငါသည် ဆွမ်းတစ်ထပ်စားချိန်၏ ထက်ဝက်မျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ အကြင်ရဟန်းသည်ကား “ငါသည် ဆွမ်းလေးလုတ်ငါးလုတ်ကို ဝါးမျိုနေချိန်အတွင်းမျှ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ ရဟန်းတို့ ဤရဟန်းခြောက်ပါးတို့ကို မေ့မေ့လျော့ လျော့နေကုန်၏ဟူ၍လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် နုံ့နှေးစွာ မရဏဿတိကို ပွါးများကုန်၏ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။ ရဟန်းတို့ အကြင်ရဟန်းသည်ကား “ငါသည် ဆွမ်းတစ်လုတ်ကို ဝါးမျိုနေချိန်အတွင်းမျှ အသက်ရှင် ရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ အကြင်ရဟန်းသည်လည်း “ငါသည် ဝင်သက်ရှူ၍ ထွက်သက်ထုတ်ရုံ ထွက်သက်ထုတ်၍ ဝင်သက်ရှူ ရုံအတွင်းမျှ အသက်ရှင်ရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးများ၏။ ရဟန်းတို့ ဤရဟန်း (နှစ်ပါး)တို့ကို မမေ့မလျော့ နေကုန်၏ဟူ၍လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကို ပွါးများကုန်၏ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။ ရဟန်းတို့ ထို့ကြောင့် “မမေ့မလျော့ နေကုန်အံ့၊ အာသဝေါတရားကုန်ခန်းရန် ထက်သန်စွာ မရဏ ဿတိကို ပွါးများကုန်အံ့”ဟု ကျင့်ရမည်၊ ရဟန်းတို့ သင်တို့သည် ဤသို့သာ ကျင့်ရမည်ဟု မိန့်တော်မူ၏။

တတိယသုတ်။