အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၄-ဒုတိယ မရဏဿတိသုတ်

၇၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ပ။ ရဟန်းတို့ မရဏဿတိကို ပွါးများ အပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်) သို့ သက် ဝင်၏၊ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏။ ရဟန်းတို့ မရဏဿတိကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန် များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ အမြိုက် (နိဗ္ဗာန်) သို့ သက်ဝင် သနည်း၊ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိသနည်း။

ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် နေ့ကို လွန်မြောက် ညဉ့်သို့ ရောက်လတ်သော် “ငါ့အား သေခြင်းအကြောင်းတို့သည် များကုန်၏၊ မြွေသော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းမြီးကောက်သော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းခြေများသော်လည်း ငါ့ကို ကိုက်ရာ၏၊ ထိုအကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုမြွေကိုက်ခြင်းစသည်သည် ငါ့အား အန္တရာယ် ဖြစ်ရာ၏၊ ချော်၍သော်လည်း လဲရာ၏၊ ငါစားအပ်သော အစာသော်လည်း မကျေဘဲ ဖောက်ပြန်ရာ၏၊ ငါအား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါအား သလိပ်သော်လည်း ပျက်ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ လူတို့ကသော်လည်း ငါ့ကို လုံ့လပြုကုန်ရာ၏၊ လူမဟုတ်သူ (ဘီလူး)တို့ကသော်လည်း ငါ့ကို လုံ့လ ပြုကုန်ရာ၏၊ ထိုအကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်း စသည်သည် ငါ့အား အန္တရာယ်ဖြစ်ရာ၏”ဟု ဤသို့ ဆင်ခြင်၏။ ရဟန်းတို့ ထိုရဟန်းသည် “ညဉ့်အခါ၌ သေရသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေးသလော”ဟု ဆင်ခြင်ရမည်။ ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် “ညဉ့်အခါ၌ သေရသော ငါ့အား အန္တရာယ်ကိုပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေး၏”ဟု သိရပါမူ ရဟန်းတို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် လွန်ကဲသော အလိုဆန္ဒကိုလည်းကောင်း၊ လုံ့လကို လည်းကောင်း အားထုတ်ခြင်းကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ သမ္ပဇဉ်ကိုလည်းကောင်း ပြုရမည်။

ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်သူသည်လည်းကောင်း၊ ထိုပုဆိုးထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ဆန္ဒကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကိုလည်းကောင်း၊ သမ္ပဇဉ်ကိုလည်းကောင်း ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ဆန္ဒကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ သမ္ပဇဉ်ကိုလည်းကောင်း ပြုရမည်။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် “ညဉ့်အခါ၌ သေရသော ငါ့အား အန္တရာယ်ပြုမည့် မပယ်ရ သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မရှိကုန်”ဟု သိပါမူ ရဟန်းတို့ ထိုရဟန်းသည် နှစ်သက်မှု ဝမ်းမြောက်မှု ‘ပီတိပါမောဇ္ဇ’ ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်မပြတ် ကျင့်သုံးလျက် နေရမည်။

ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ညဉ့်ကို လွန်မြောက် နေ့သို့ ရောက်လတ်သော် “ငါ့အား သေခြင်းအကြောင်းတို့သည် များကုန်၏၊ မြွေသော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းမြီးကောက်သော်လည်း ငါ့ကို ကိုက်ရာ၏၊ ကင်းခြေများသော်လည်း ငါ့ကို ကိုက်ရာ၏၊ ထိုအကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုမြွေကိုက်ခြင်းစသည်သည် ငါ့အား အန္တရာယ် ဖြစ်ရာ၏၊ ချော်၍သော်လည်း လဲရာ၏၊ ငါစားအပ်သော အစာသော်လည်း မကျေဘဲ ဖောက်ပြန်ရာ၏၊ ငါအား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါအား သလိပ်သော်လည်း ပျက်ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ လူတို့ကသော်လည်း ငါ့ကို လုံ့လပြုကုန်ရာ၏၊ လူမဟုတ်သူ (ဘီလူး)တို့ကသော်လည်း ငါ့ကို လုံ့လပြုကုန်ရာ၏၊ ထို့ကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းစသည်သည် ငါ့အား အန္တရာယ်ဖြစ်ရာ၏”ဟု ဤသို့ ဆင်ခြင်၏။ ရဟန်းတို့ ထိုရဟန်းသည် “နေ့အခါ၌ သေရသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေးသလော”ဟု ဆင်ခြင်ရမည်။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် “နေ့အခါ၌ သေရသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်ရသေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေး၏”ဟု သိရပါမူ ရဟန်းတို့ ရဟန်းသည် ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ရှိကုန်သေး၏”ဟု သိရပါမူ ရဟန်းတို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ဆန္ဒကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်း ကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ သမ္ပဇဉ်ကိုလည်းကောင်း ပြုရမည်။

ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည်လည်းကောင်း ဦးခေါင်း၌ မီးလောင်သူသည်လည်းကောင်း၊ ထိုပုဆိုး ထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ဆန္ဒကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကိုလည်းကောင်း၊ မဆုတ်နစ်ခြင်းကို လည်းကောင်း၊ သတိကိုလည်းကောင်း၊ သမ္ပဇဉ်ကိုလည်းကောင်း ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ဆန္ဒကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်ခြင်းကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်ခြင်းကို လည်းကောင်း၊ မဆုတ်နစ်ခြင်းကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ သမ္ပဇဉ်ကိုလည်းကောင်း ပြုရမည်။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သော် “နေ့အခါ၌ သေရသော ငါ့အား အန္တရာယ်ပြုမည့် မပယ်ရ သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မရှိကုန်”ဟု သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုနှစ်သက်မှု ဝမ်းမြောက်မှု ‘ပီတိပါမောဇ္ဇ’ ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်မပြတ် ကျင့်သုံးလျက့်နေရမည်။

ရဟန်းတို့ ဤသို့လျှင် မရဏဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်) သို့ သက်ဝင်၏၊ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။