အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၅-ပဌမ သမ္ပဒါသုတ်

၇၅။ ရဟန်းတို့ ပြည့်စုံမှု ‘သမ္ပဒါ’တို့သည် ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ထကြွ လုံ့လနှင့် ပြည့်စုံမှု ‘ဥဋ္ဌာနသမ္ပဒါ’၊စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ‘အာရက္ခသမ္ပဒါ’၊ မိတ်ဆွေ ကောင်းရှိမှု ‘ကလျာဏမိတ္တတာ’၊ မျှတစွာ အသက်မွေးမှု ‘သမဇီဝိတာ’၊ သဒ္ဓါနှင့် ပြည့်စုံမှု ‘သဒ္ဓါသမ္ပဒါ’၊ သီလနှင့် ပြည့်စုံမှု ‘သီလသမ္ပဒါ’၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု ‘စာဂသမ္ပဒါ’၊ ပညာနှင့် ပြည့်စုံမှု ‘ပညာသမ္ပဒါ’တို့တည်း။ ရဟန်းတို့ ပြည့်စုံမှု ‘သမ္ပဒါ’တို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အလုပ်လုပ်ရာဌာနတို့၌ ထကြွလုံ့လရှိလျက် မမေ့မလျော့မူ၍ အထူးစီမံခြင်းနှင့် ပြည့်စုံသော ယောကျာ်းသည် မျှတစွာ အသက်မွေးမှုကို ပြု၏၊ ဆည်းပူး အပ်ပြီးသော (ဥစ္စာ) ကိုစောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန်ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်) လမ်းကို အမြဲသုတ် သင်၏။ ဤသို့လျှင် ဤတရားရှစ်မျိုးတို့သည် အိမ်ထောင်ဝတ်ကို ရှာမှီးလေ့ရှိသော သဒ္ဓါ တရားနှင့် ပြည့်စုံသူအား မျက်မှောက်ဘဝ၌ အစီးအပွါးအလို့ငှါလည်းကောင်း၊ တမလွန်ဘဝ၌ ချမ်းသာခြင်းငှါလည်းကောင်း နှစ်ပါးစုံသော ဘဝ၌ ချမ်းသာကို ဆောင်တတ်ကုန်၏ဟူ၍ အမည်မှန်ရှိသော မြတ်စွာဘုရားသည် ဟောကြားတော်မူ အပ်၏။ ဤသို့လျှင် လူဖြစ်သော သူတို့အား စွန့်ကြဲမှု ‘စာဂ’ ထိုမှ ကြွင်းသော ကောင်းမှုကုသိုလ်သည် တိုးပွါး၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။