အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၉-ပရိဟာနသုတ်

၇၉။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—အမှုသစ်၌ မွေ့လျော်မှု၊ စကားပြောခြင်း၌ မွေ့လျော်မှု၊ အိပ်ခြင်း၌ မွေ့လျော်မှု၊ အပေါင်းအဖော်၌ မွေ့လျော်မှု၊ ဣန္ဒြေတို့၌စောင့်စည်းအပ်သော တံခါးမရှိမှု၊ စားဖွယ်၌ အတိုင်းအရှည် မသိမှု၊ ရောနှောခြင်း၌ မွေ့လျော်မှု၊ သံသရာကို ချဲ့ထွင်တတ်သော ‘ပပဉ္စ’ တရား၌ မွေ့လျော်မှုတို့တည်း။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—အမှုသစ်၌ မမွေ့လျော်မှု၊ စကားပြောခြင်း၌ မမွေ့လျော်မှု၊ အိပ်ခြင်း၌ မမွေ့လျော်မှု၊ အပေါင်းအဖော်၌ မမွေ့လျော်မှု၊ ဣန္ဒြေတို့၌စောင့်စည်းအပ်သော တံခါးရှိမှု၊ စားဖွယ်၌ အတိုင်းအရှည်သိမှု၊ နှီးနှောခြင်း၌ မမွေ့လျော်မှု၊ သံသရာကို ချဲ့ထွင်တတ်သော ‘ပပဉ္စ’ တရား၌ မမွေ့လျော်မှုတို့တည်း။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ် ယုတ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။