အင်္ဂုတ္တရနိကာယ်

၁-မေတ္တာဝဂ်

၈-ဥတ္တရဝိပတ္တိသုတ်

၈။ အခါတစ်ပါး၌ အသျှင်ဥတ္တရသည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိကကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဥတ္တရသည် ရဟန်းတို့ကို “ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏”ဟု မိန့်ကြား၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် မြောက်အရပ်မှ တောင်အရပ်သို့ တစ်စုံတစ်ခုသော ပြုဖွယ် ကိစ္စဖြင့် သွားလေ၏၊ ဝေဿဝဏ်နတ်မင်းကြီးသည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိက ကျောင်း၌ ရဟန်းတို့အား “ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်း သည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏”ဟု ဤသို့ တရားဟောလျက် နေသော အသျှင်ဥတ္တရ၏ တရားသံကို ကြားသည်သာလျှင်တည်း။

ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိကကျောင်းမှကွယ်ခဲ့၍ တာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်လေ၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် နတ်တို့အရှင် သိကြားမင်းအထံသို့ ချဉ်းကပ်၍ နတ်တို့အရှင် သိကြားမင်းအား —“အရှင်သိကြားမင်း သိတော်မူပါလော့၊ ထိုအသျှင်ဥတ္တရသည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိကကျောင်း၌ ရဟန်းတို့အား ‘ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်း သည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏’ဟု ဤသို့ တရားဟောတော်မူပါ၏”ဟု လျှောက်တင်လေ၏။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် တာဝတိံသာနတ်ပြည်၌ ကွယ်ခဲ့၍ မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိက ကျောင်း အသျှင်ဥတ္တရ၏ မျက်မှောက်၌ ထင်ရှား ဖြစ်လေ၏။ ထိုအခါ နတ်တို့ အရှင်သိကြားမင်းသည့်အသျှင်ဥတ္တရအထံသို့ ချဉ်းကပ်၍ အသျှင်ဥတ္တရကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ရပ်တည်ကာ အသျှင် ဥတ္တရအား အသျှင်ဘုရား အသျှင်ဥတ္တရသည် ရဟန်းတော်တို့အား “ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို။ပ။ မိမိ၏ ပြည့်စုံမှုကို။ပ။ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏”ဟု ဤသို့သော တရားကို ဟောကြားတော်မူ၏ဟူသည် မှန်ပါသလောဟု လျှောက်၏။ နတ်တို့အရှင် သိကြားမင်း ဤအတိုင်း မှန်ပေ၏ဟု (ဆို၏)။ အသျှင်ဘုရား ဤတရားတော်ကို အသျှင်ဥတ္တရ၏ မိမိဉာဏ်အထင်ကို စွဲ၍ ဟောကြားအပ်ပါသလော၊ သို့မဟုတ် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ စကား တော်ကို စွဲ၍ ဟောကြားအပ်ပါသလောဟု (လျှောက်၏)။

နတ်တို့အရှင် သိကြားမင်း ယင်းသို့ သိလိုပါမူ သင့်အား ဥပမာကို ပြုပေအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဆိုလိုသော စကား၏ အနက်အဓိပ္ပါယ်ကို ဥပမာဖြင့်သာ ထင်ရှားသိကြကုန်၏။ နတ်တိ်ု့အရှင် သိကြားမင်း ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မနီးမဝေးအရပ်၌ ကြီးစွာသော စပါးပုံကို ပုံထားရာ၏၊ လူများအပေါင်းသည် (ထိုစပါးပုံမှ) စပါးကို ထမ်းပိုးတို့ဖြင့်လည်းကောင်း၊ တောင်းတို့ဖြင့်လည်းကောင်း၊ ခါးပိုက်တို့ဖြင့်လည်းကောင်း၊ လက်ခုပ်တို့ဖြင့်လည်းကောင်း သယ်ယူရာ၏။ နတ်တို့အရှင် သိကြားမင်း အကြင်သူသည် ထိုလူများအပေါင်းသို့ ချဉ်းကပ်၍ “အဘယ်အရပ်မှ ဤစပါးကို သယ်ယူခဲ့ပါကုန်သနည်း”ဟု မေးမြန်းရာ၏။ နတ်တို့အရှင် သိကြားမင်း ထိုလူများအပေါင်းသည် ထိုသူအား အဘယ်သို့ ဖြေကြားသည်ရှိသော် ကောင်းစွာ ဖြေကြားသည် မည်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား “ဤမည်သော စပါးပုံကြီးမှ သယ်ယူခဲ့ပါကုန်၏”ဟု ထိုလူများအပေါင်းသည် ဖြေကြားသည် ရှိသော် ကောင်းစွာ ဖြေကြားသည် မည်ရာပါ၏ဟု (လျှောက်၏)။

နတ်တို့အရှင် သိကြားမင်း ဤအတူသာလျှင် ကောင်းစွာ ကြားအပ်သော တရားစကားဟူသမျှ အားလုံးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ တရားစကားတော်သာတည်း၊ ထိုမြတ်စွာဘုရား၏ တရားစကားတော်မှ ယူ၍ ယူ၍ ငါတို့သည်လည်းကောင်း၊ တစ်ပါးသောသူတို့သည်လည်းကောင်း ဟောပြောကြရကုန်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အံ့သြဖွယ် ကောင်းပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ အသျှင်ဥတ္တရသည် ကောင်းစွာ ပြောကြားအပ်သော တရားစကားဟူသမျှအားလုံးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ တရားစကားတော်သာတည်း၊ ထိုမြတ်စွာဘုရား၏ တရားစကားတော်မှ ယူ၍ ယူ၍ ငါတို့သည်လည်းကောင်း၊ တစ်ပါးသော သူတို့သည် လည်းကောင်း ဟောပြောကြရကုန်၏ဟု ဤစကားကို အလွန်ကောင်းစွာ ပြောဆိုအပ်ပါပေ၏။ အသျှင်ဥတ္တရ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် သင်းခွဲထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို — ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို။ပ။ မိမိ၏ ပြည့်စုံမှုကို။ပ။ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏။ ရဟန်းတို့ မသူတော်တရားရှစ်မျိုးတို့ နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ လာဘ်ရမှု နှိပ်စက် လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူ အပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။ ရဟန်းတို့ လာဘ် မရမှု။ပ။ အခြံအရံရှိမှု။ အခြံအရံ မရှိမှု။ အရိုအသေပြုမှု။ အရိုအသေ မပြုမှု။ ယုတ်ညံ့သော အလို ရှိမှု။ ယုတ်မာသော အဆွေခင်ပွန်းရှိမှု နှိပ်စက် လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရ မည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။ ရဟန်းတို့ ဤမသူတော်တရားရှစ်မျိုးတို့ နှိပ်စက် လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့် သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်း သူတည်း။

ရဟန်းတို့ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေမူ ကောင်း၏၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေမူ ကောင်း၏။ ရဟန်းတို့ အဘယ်သို့သော အကျိုးထူးကို စွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ ပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေ ခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။

ရဟန်းတို့ ယင်းဖြစ်ပေါ်လာသော လာဘ်ရမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါ တရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော လာဘ်ကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်။

ရဟန်းတို့ ယင်း ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ် လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ယင်းဖြစ်ပေါ်လာသော ယုတ်မာသော အဆွေ ခင်ပွန်းရှိမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သောအလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့နေကြကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ ပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့ နေကြကုန်အံ့”ဟု ဤသို့ ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်အပ်ကုန်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရားဥတ္တရ လူတို့၌ ဤမျှလောက် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတည်းဟူသော ပရိသတ်လေးပါးတို့ ရှိပါကုန်၏၊ တရားဒေသနာတော်သည် တစ်စုံတစ်ခုသော ပရိသတ်၌ မထင်ရှားသေးပါဘုရား၊ အသျှင်ဘုရား အသျှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို သင်ယူတော်မူပါ လော့။

အသျှင်ဘုရား အသျှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို သင်ကြားတော်မူပါလော့၊ အသျှင်ဘုရား အသျှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို ဆောင်ထားတော်မူပါလော့၊ အသျှင်ဘုရား ဤတရား ဒေသနာတော်သည် အကျိုးစီးပွါးနှင့် စပ်ပါ၏၊ သာသနာတော်တည်းဟူသော မြတ်သော အကျင့်၏ အစဦးဖြစ်ပါ၏ဟု (လျှောက်ကြားလေ၏)။

အဋ္ဌမသုတ်။