အင်္ဂုတ္တရနိကာယ်

(၉) ၄-သတိဝဂ်

၂-ပုဏ္ဏိယသုတ်

၈၂။ ထိုအခါ အသျှင်ပုဏ္ဏိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ပြီးနောက် မြတ်စွာဘုရားအား— အသျှင်ဘုရား “မြတ်စွာဘုရား၏ တရား ဒေသနာတော်သည် တစ်ခါတစ်ရံ ထင်လာပါ၏၊ တစ်ခါတစ်ရံ မထင်လာပါ၊ အကြောင်းကား အဘယ် ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရားသို့ကား မချဉ်းကပ်တတ်၊ (ဤသို့ဖြစ်လျှင်) မြတ်စွာဘုရား၏ တရားဒေသနာသည် မထင်လာ။ ပုဏ္ဏိယ အကြင်အခါ၌ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ်၏၊ ဤသို့သောအခါ၌ မြတ်စွာဘုရား၏ တရားဒေသနာသည် ထင်လာ၏။ ပုဏ္ဏိယ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ်၏၊ ဆည်းကပ်ကား မဆည်း ကပ်။ပ။ ဆည်းကပ်လည်း ဆည်းကပ်၏၊ မေးကား မမေး။ပ။ မေးလည်း မေး၏၊ နားစိုက်၍ကား တရားကို မနာ။ပ။ နားစိုက်၍လည်း တရားကို နာ၏၊ နာပြီး၍ကား တရားကို မဆောင်။ပ။ နာပြီး၍ လည်း တရားကို ဆောင်၏၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုကား မဆင်ခြင်။ပ။ ဆောင် အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း ဆင်ခြင်၏၊ အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကိုကား မကျင့်၊ ဤသို့ဖြစ်လျှင် မြတ်စွာဘုရား၏ တရားဒေသနာတော်သည် မထင်လာသည် သာတည်း။

ပုဏ္ဏိယ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ်၏၊ ဆည်းကပ် လည်း ဆည်းကပ်၏၊ မေးလည်း မေး၏၊ နားစိုက်၍လည်း တရားကို နာ၏၊ နာပြီး၍လည်း တရားကို ဆောင်၏၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း ဆင်ခြင်၏၊ အနက် ပါဠိကို သိ၍ တရား အားလျော်သော အကျင့်ကိုလည်း ကျင့်၏၊ (ဤသို့ဖြစ်လျှင်) မြတ်စွာဘုရား၏ တရားဒေသနာတော်သည့်ထင်လာ၏။ ပုဏ္ဏိယ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသူအား မြတ်စွာဘုရား၏ တရားဒေသနာတော်သည် စင်စစ် ထင်လာ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။