အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၁-သမ္ဗောဓိသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို — ရဟန်းတို့ အကယ်၍ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် မှီရာအကြောင်းကား အဘယ်ပါနည်း”ဟု ဤသို့ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံရသော သင်တို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့အား အဘယ်သို့ ဖြေကြ ကုန်မည်နည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အခြေခံရှိပါကုန်၏။ပ။ မြတ်စွာဘုရား၏ (တရားတော်ကို) ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြရပါကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ အကယ်၍ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် မှီရာအကြောင်းကား အဘယ်ပါနည်း”ဟု ဤသို့ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံရသော သင်တို့သည် သာသနာ တော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြကုန်လော့ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မိတ်ဆွေကောင်းရှိ၏၊ အဖော်ကောင်းရှိ၏၊ ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိ၏။ ငါ့သျှင်တို့ ဤကား သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် ပဌမ မှီရာအကြောင်းတည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက် လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိကာ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ငါ့သျှင်တို့ ဤကား သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် ဒုတိယ မှီရာအကြောင်းတည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော (သမထဝိပဿနာ) စိတ်ကို ဖွင့်ရန် လျောက်ပတ်သော အလိုနည်းမှုနှင့်စပ်သော စကား၊ ရောင့်ရဲလွယ်မှုနှင့် စပ်သော စကား၊ ကင်းဆိတ်မှုနှင့်စပ်သော စကား၊ မရောနှောမှုနှင့်စပ်သော စကား၊ ဝီရိယအားထုတ်မှု နှင့်စပ်သော စကား၊ သီလနှင့်စပ်သော စကား၊ သမာဓိနှင့်စပ်သော စကား၊ ပညာနှင့်စပ်သော စကား၊ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’နှင့်စပ်သော စကား၊ ဝိမုတ္တိဉာဏဒဿန ‘အရဟတ္တဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်အမြင်’နှင့် စပ်သော စကား၊ ဤသို့ သဘောရှိသော စကားကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။ ငါ့သျှင်တို့ ဤကား သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် တတိယ မှီရာအကြောင်းတည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်၊ အားအစွမ်းရှိသည်၊ မြဲမြ ံသော အားထုတ်မှုရှိသည်၊ ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချမထားသည် ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤကား သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် စတုတ္ထ မှီရာအကြောင်းတည်း။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော၊ ဒုက္ခကုန်ရာ (နိဗ္ဗာန်သို့) ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ဤကား သမ္ဗောဓိ ‘မဂ်ဉာဏ်’၏ အသင်းအပင်း၌ ဖြစ်ကုန်သော တရားတို့ကို ပွါးများရန် ပဉ္စမ မှီရာအကြောင်းတည်း။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းအား “သီလရှိသူ ဖြစ်လိမ့်မည်၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်၍ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံသည် ဖြစ်၍ နေလိမ့်မည်၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်လိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့် မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းအား “(ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော၊ (သမထဝိပဿနာ) စိတ်ကို ဖွင့်ရန် လျောက်ပတ်သော အလိုနည်းမှုနှင့်စပ်သော စကား၊ ရောင့်ရဲလွယ်မှုနှင့်စပ်သော စကား၊ ကင်းဆိတ်မှုနှင့် စပ်သော စကား၊ မရောနှောမှုနှင့်စပ်သော စကား၊ ဝီရိယကို အားထုတ်မှုနှင့်စပ်သော စကား၊ သီလနှင့် စပ်သော စကား၊ သမာဓိနှင့်စပ်သော စကား၊ ပညာနှင့်စပ်သော စကား၊ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’နှင့် စပ်သော စကား၊ ဝိမုတ္တိဉာဏဒဿန ‘အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်’ နှင့် စပ်သော စကား၊ ဤသို့ သဘောရှိသော စကားကို အလိုရှိတိုင်း ရလိမ့်မည်၊ မငြိုမငြင် ရလိမ့်မည်၊ မပင်မပန်း ရလိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းအား “အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်၊ အားအစွမ်းရှိသည် မြဲမြံသော အားထုတ်မှုရှိသည်၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချ မထားသည် ဖြစ်၍ နေလိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းအား “ပညာရှိသူ၊ အဖြစ်အပျက်ကို သိသော၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော၊ ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့်ပြည့်စုံသူ ဖြစ်လိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ထိုရဟန်းသည်ကား ဤ (ဆိုခဲ့ပြီး) တရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရား လေးမျိုးတို့ကို ပွါးများရမည်။ ရာဂကို ပယ်ရန် အသုဘကို ပွါးများရမည်၊ ဗျာပါဒကို ပယ်ရန် မေတ္တာကို ပွါးများရမည်၊ ဝိတက်ကို ဖြတ်ရန် အာနာပါနဿတိကို ပွါးများရမည်၊ ငါဖြစ်၏ဟူသော ‘အသ္မိမာန’ ကို ပယ်ရန် အနိစ္စသညာကို ပွါးများရမည်၊ ရဟန်းတို့ အနိစ္စသညာရှိသော ရဟန်းအား အနတ္တသညာသည့်တည်၏၊ အနတ္တသညာရှိသော ရဟန်းသည် ငါဖြစ်၏ဟူသော ‘အသ္မိမာန’ ကင်းပြတ်၍ မျက်မှောက်ဘဝ၌ ပင် နိဗ္ဗာန်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။