အင်္ဂုတ္တရနိကာယ်
၂-သီဟနာဒဝဂ်
၁-သီဟနာဒသုတ်
၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—“အသျှင်ဘုရား အကျွန်ုပ် သည် သာဝတ္ထိပြည်၌ ဝါလပတ်လုံးနေပြီးပါပြီ၊ အသျှင်ဘုရား အကျွန်ုပ်သည် ဒေသစာရီ လှည့်လည် ဖဲသွားရန် အလိုရှိပါ၏”ဟု လျှောက်၏။ သာရိပုတြာ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု့(မိန့်တော်မူ၏)။ ထိုအခါ အသျှင်သာရိပုတြာသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုပြီးလျှင် ဖဲသွားလေ၏။ ထိုနောက် ရဟန်းတစ်ပါးသည် အသျှင်သာရိပုတြာ ဖဲသွား၍ မကြာမီ မြတ်စွာဘုရားအား— “အသျှင်ဘုရား အသျှင်သာရိပုတြာသည် အကျွန်ုပ်ကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားပါသည်”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ၏ စကားဖြင့် သာရိပုတြာကို ‘ငါ့သျှင်သာရိပုတြာ သင့်ကို မြတ်စွာဘုရား ခေါ်နေ သည်ဟု ခေါ်ချေလော့”ဟု မိန့်တော်မူ၏။
“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာကို “ငါ့သျှင်သာရိပုတြာ သင့်ကို မြတ်စွာဘုရား ခေါ်နေပါ၏”ဟု ဆို၏။ “ငါ့သျှင် ကောင်းပြီ”ဟု အသျှင်သာရိပုတြာသည် ထိုရဟန်းအား ပြန်ကြား၏။ ထိုအခါ အသျှင်မောဂ္ဂလာန်နှင့် အသျှင်အာနန္ဒာတို့သည် သံကောက် ‘သော့’ ကို ယူ၍ “အသျှင်တို့ ကြွခဲ့ကြကုန်လော့၊ အသျှင်တို့ ကြွခဲ့ကြကုန်လော့၊ ယခုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ မျက်မှောက်၌ ရဲတင်းသော စကားသံကို လျှောက်ဆိုလိမ့်မည်”ဟု ဆို၍ ကျောင်းတို့သို့ လှည့်လည်ကုန်၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သာရိပုတြာအား မြတ်စွာဘုရားသည် “သာရိပုတြာ သီတင်းသုံးဖော်တစ်ဦးသည် ‘အသျှင်ဘုရား အသျှင်သာရိပုတြာသည် အကျွန်ုပ်ကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားပါ၏’ဟု ရှုတ်ချခြင်းသဘောသို့ ရောက်၏”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာ၏။ အသျှင်ဘုရား မြေ၌ စင်ကြယ်သော ဝတ္ထုကိုလည်း ချထားကုန်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း ချထားကုန်၏၊ ကျင်ကြီးကိုလည်း စွန့်ချကုန်၏၊ ကျင်ငယ်ကိုလည်း စွန့်ချကုန်၏၊ တံတွေးကိုလည်း ထွေးကုန်၏၊ ပြည်ကိုလည်း ချထားကုန်၏၊ သွေးကိုလည်း ချထားကုန်၏၊ မြေသည် ထိုသို့ချထားမှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော မြေနှင့် တူသော စိတ်ဖြင့် နေပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၁)
အသျှင်ဘုရား ရေ၌ စင်ကြယ်သော ဝတ္ထုကိုလည်း ဆေးကြောကုန်၏၊ မစင်ကြယ်သော ဝတ္ထုကို လည်း ဆေးကြောကုန်၏၊ ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း ဆေးကြောကုန်၏၊ ရေသည် ထိုဆေးကြောမှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ရေနှင့်တူသော စိတ်ဖြင့် နေါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယ ဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၂)
အသျှင်ဘုရား မီးသည် စင်ကြယ်သော ဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း လောင်၏၊ ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း လောင်၏၊ မီးသည် ထိုလောင်မှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော မီးနှင့်တူသော စိတ်ဖြင့် နေပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ် သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၃)
အသျှင်ဘုရား လေသည် စင်ကြယ်သော ဝတ္ထုကိုလည်း တိုက်ခတ်ပါ၏၊ မစင်ကြယ်သော ဝတ္ထုကို လည်း တိုက်ခတ်ပါ၏၊ ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း တိုက်ခတ်ပါ၏၊ လေသည် ထိုတိုက်ခတ်မှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော လေနှင့်တူသော စိတ်ဖြင့် နေပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာ သတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသ စာရီဖဲသွားရာပါ၏။ (၄)
အသျှင်ဘုရား ဖုံသုတ်အဝတ်သည် စင်ကြယ်သော ဝတ္ထုကိုလည်း သုတ်ရ၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း သုတ်ရ၏၊ ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း သုတ်ရ၏၊ ဖုံသုတ်အဝတ်သည် ထိုသုတ်မှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ဖုံသုတ် အဝတ်နှင့် တူသော စိတ်ဖြင့် နေပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၅)
အသျှင်ဘုရား ခွက်လက်စွဲလျက် စုတ်ပြတ်သော အဝတ်ကိုဝတ်သော ဒွန်းစဏ္ဍား လုလင်ပျိုသည် လည်းကောင်း၊ ဒွန်းစဏ္ဍားလုံမပျိုသည်လည်းကောင်း၊ ရွာနိဂုံးသို့ ဝင်လတ်သော် နှိမ့်ချသော စိတ်ကို သာလျှင်ဖြစ်စေ၍ ဝင်သကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ဒွန်းစဏ္ဍားလုလင်ပျို လုံမပျိုနှင့်တူသော စိတ်ဖြင့် နေပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်း သုံးဖော်တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၆)
အသျှင်ဘုရား ဦးချိုကျိုးသော၊ အကျင့်ကောင်းသော၊ ယဉ်ကျေးပြီးသော၊ ဆုံးမအပ်ပြီးသော နွားလားသည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည်လတ်သော် ခြေဖြင့်သော်လည်းကောင်း၊ ဦးချိုဖြင့်သော်လည်းကောင်း တစ်စုံတစ်ရာကိုမျှ မညှဉ်းဆဲသကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ဦးချိုကျိုးသော နွားလားနှင့်တူသော စိတ်ဖြင့် နေပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၇)
အသျှင်ဘုရား ငယ်ရွယ်နုပျိုသော အလှပြင်လေ့ရှိသော ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော မိန်းမပျို သည်လည်းကောင်း၊ ယောကျာ်းပျိုသည်လည်းကောင်း မြွေကောင်ပုပ်ကိုဖြစ်စေ ခွေးကောင်ပုပ်ကိုဖြစ်စေ လူကောင်ပုပ်ကိုဖြစ်စေ လည်ပင်း၌ ဆွဲလိုက်ပါမူ ငြီးငွေ့ ရှက်နိုး စက်ဆုပ်သကဲ့သို့၊ ဤအတူပင် အကျွန်ုပ် သည် ဤ (ခန္ဓာ) ကိုယ်၌ အကောင်ပုပ်ဖြင့် ငြီးငွေ့ပါ၏၊ ရှက်နိုးပါ၏၊ စက်ဆုပ်ပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏။ (၈)
အသျှင်ဘုရား ယောကျာ်းသည် အပေါက်ကြီးငယ်ရှိသော၊ အထက်မှ လျှံကျသော၊ အောက်မှ ယိုကျသော အမဲဆီအိုးကို ရွက်ဆောင်နေရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် အပေါက် ကြီးငယ်ရှိသော၊ အထက်မှ လျှံကျသော၊ အောက်မှ ယိုကျသော ဤ (ခန္ဓာ) ကိုယ်ကို့ရွက်ဆောင်နေရပါ၏။ အသျှင်ဘုရား စင်စစ် (ခန္ဓာ) ကိုယ်၌ ကာယဂတာသတိမထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါး၍ အပြစ်ကိုလည်း သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏ဟု (လျှောက်၏)။ (၉)
ထိုအခါ ထိုရဟန်းသည် နေရာမှ ထ၍ (လက်ဝဲ) တစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ် တင်လျက် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ကာ မြတ်စွာဘုရားအား—“အသျှင်ဘုရား မိုက်သည့် အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ အကျွန်ုပ်သည် အသျှင်သာရိပုတြာကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အားဖြင့် စွပ်စွဲမိပါသည်။ မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါစောင့်စည်းရန် အပြစ်ဟု လက်ခံတော်မူပါ”ဟု လျှောက်၏။ ရဟန်း မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် သာရိပုတြာကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ် မမှန်သောအားဖြင့် စွပ်စွဲခဲ့၏။ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထို (အပြစ်) ကို (အပြစ်ဟု) ငါတို့ လက်ခံကုန်၏။ ရဟန်း အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါစောင့်စည်း၏၊ (ထိုသူ၏) ဤ(ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်း ‘အဆုံးအမ’ ၌ ကြီးပွါးခြင်းပင်တည်းဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို “သာရိပုတြာ ဤအချည်းနှီးသော ယောကျာ်းအား ထိုအရပ်၌ပင် ထိုသူ၏ ဦးထိပ်သည် ခုနစ်စိတ် မကွဲမီ သည်းခံလော့”ဟု မိန့်တော်မူ၏။
အသျှင်ဘုရား အကယ်၍ ထိုအသျှင်သည် အကျွန်ုပ်ကို ဤသို့ (သည်းခံပါဟု) ဆိုပါမူ အကျွန်ုပ်သည် ထိုအသျှင်အား သည်းခံပါ၏၊ ထိုအသျှင်ကလည်း အကျွန်ုပ်အား သည်းခံပါစေဟု (လျှောက်၏)။
ပဌမသုတ်။