အင်္ဂုတ္တရနိကာယ်
၂-သီဟနာဒဝဂ်
၂-သဥပါဒိသေသသုတ်
၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူကာ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာအား “သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန် အလွန်စောသေး၏၊ ငါသည် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု ဤအကြံသည် ဖြစ်၏။ ထို့နောက် အသျှင်သာရိပုတြာသည် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်၍ သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုအခါ အညီအညွတ်စည်းဝေး ထိုင်နေကြသော သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့ မည်သူမဆို စွဲလမ်းမှု အကြွင်းအကျန်ရှိလျက် သေရသူ အားလုံးသည် ငရဲမှ မလွတ်၊ တိရစ္ဆာန်ဘဝမှ မလွတ်၊ ပြိတ္တာဘုံမှ မလွတ်၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိမှ မလွတ်”ဟူသော ဤအကြား စကားသည် ထင်ရှား ဖြစ်၏။ ထိုအခါ အသျှင်သာရိပုတြာသည် သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့၏ ပြောဆိုစကားကို မနှစ်ခြိုက်ခဲ့ပေ၊ မတားမြစ်ခဲ့ပေ၊ မနှစ်ခြိုက် မတားမြစ်ခဲ့ဘဲ “မြတ်စွာဘုရား၏ အထံတော်၌ ဤပြောဆိုသော စကား၏ အနက်အဓိပ္ပါယ်ကို သိရတော့မည်”ဟု နှလုံးသွင်း၍ နေရာမှ ထကာ ဖဲခဲ့၏။
ထိုအခါ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ခဲ့ပါ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား “သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန် အလွန်စောသေး၏၊ ငါသည် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု ဤအကြံဖြစ်ခဲ့ပါ၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် သာသနာ့ ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ပြီးနောက် သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေခဲ့ပါ၏။ ထိုအခါ အညီအညွတ်စုပေါင်းစည်းဝေး ထိုင်နေသော ထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့ မည်သူမဆို စွဲလမ်းမှု အကြွင်းအကျန်ရှိလျက် သေရသူ အားလုံး သည် ငရဲမှ မလွတ်၊ တိရစ္ဆာန်ဘဝမှ မလွတ်၊ ပြိတ္တာဘုံမှ မလွတ်၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိမှ မလွတ်”ဟူသော ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့၏ ပြောဆိုသော စကားကို မနှစ်ခြိုက်ခဲ့ပါ၊ မတားမြစ်ခဲ့ပါ၊ မနှစ်ခြိုက် မတားမြစ်ခဲ့ဘဲ “မြတ်စွာဘုရား၏ အထံတော်၌ ဤပြောဆိုအပ်သော စကား၏ အနက် အဓိပ္ပါယ်ကို သိရတော့မည်”ဟု နေရာမှ ထကာ ဖဲခဲ့ပါ၏ဟု လျှောက်၏။ သာရိပုတြာ အယူတစ်မျိုးရှိသော မိုက်ကုန် မလိမ္မာကုန်သော သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့သည်ကား အဘယ်သူတို့နည်း၊ အဘယ်သူတို့သည် စွဲလမ်းမှု အကြွင်းအကျန်ရှိသည်ကို “စွဲလမ်းမှု အကြွင်းအကျန်ရှိ၏”ဟု သိကုန်လိမ့်မည်နည်း၊ စွဲလမ်းမှု အကြွင်းအကျန် မရှိသည်ကိုလည်း “စွဲလမ်းမှု အကြွင်းအကျန် မရှိ”ဟု သိကုန်လိမ့်မည်နည်း။
သာရိပုတြာ ဤပုဂ္ဂိုလ်ကိုးမျိုးတို့သည် စွဲလမ်းမှု အကြွင်းအကျန်နှင့် တကွ သေကုန်လျက် ငရဲမှ လွတ်ကုန်၏၊ တိရစ္ဆာန်ဘဝမှ လွတ်ကုန်၏၊ ပြိတ္တာဘုံမှ လွတ်ကုန်၏၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်ကုန်၏။ အဘယ်ပုဂ္ဂိုလ်ကိုးမျိုးတို့နည်းဟူမူ—သာရိပုတြာ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလတို့၌ အပြည့်အစုံ ကျင့်လေ့ရှိ၏၊ သမာဓိ၌ အပြည့်အစုံ ကျင့်လေ့ရှိ၏၊ ပညာ၌ အနည်းငယ် ပြုကျင့် လေ့ရှိ၏ (ပညာမပြည့်စုံသေး)၊ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့၏ကုန်ခြင်းကြောင့် သက်တမ်း၏ အလယ်ကြားကာလ၌ ပရိနိဗ္ဗာန်ပြုသူ (အန္တရာပယိနိဗ္ဗာယီအနာဂါမ်) ဖြစ်၏။ သာရိပုတြာ ဤသည်ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှ လွတ်သော၊ တိရစ္ဆာန်ဘဝမှ လွတ်သော၊ ပြိတ္တာဘုံမှ လွတ်သော၊ ဖရိုဖရဲ ကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်သော ပဌမပုဂ္ဂိုလ်တည်း။ (၁)
သာရိပုတြာ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလတို့၌ အပြည့် အစုံ ကျင့်လေ့ရှိ၏၊ သမာဓိ၌ အပြည့်အစုံ ကျင့်လေ့ရှိ၏၊ ပညာ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏ (ပညာ မပြည့်စုံသေး)၊ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့် သက်တမ်း၏ အလယ်ကြားကာလကို လွန်၍ ပရိနိဗ္ဗာန်ပြုသူ (ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်) ဖြစ်၏။ပ။ အားထုတ်မှုမရှိဘဲ ပရိနိဗ္ဗာန်ပြုသူ (အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်) ဖြစ်၏။ပ။ အားထုတ်မှုနှင့်တကွ ပရိနိဗ္ဗာန်ပြုသူ (သသင်္ခါရ ပရိနိဗ္ဗာယီအနာဂါမ်) ဖြစ်၏။ပ။ အထက်၌ မဂ်အလျဉ်ရှိသော အကနိဋ္ဌဘုံသို့ ရောက်သော (ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ) အနာဂါမ် ဖြစ်၏။ သာရိပုတြာ ဤသည်ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှ လွတ်သော၊ တိရစ္ဆာန်ဘဝမှ လွတ်သော၊ ပြိတ္တာဘုံမှ လွတ်သော၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်သော ပဉ္စမပုဂ္ဂိုလ်တည်း။ (၂—၅)
သာရိပုတြာ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလတို့၌ အပြည့် အစုံ ကျင့်လေ့ရှိ၏၊ သမာဓိ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏၊ ပညာ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏ (ပညာ ့မပြည့်စုံသေး)၊ ထိုပုဂ္ဂိုလ်သည် သံယောဇဉ်သုံးပါးတို့၏ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့၏ ခေါင်းပါးခြင်းကြောင့် သကဒါဂါမ် ဖြစ်၏၊ ဤကာမဘုံသို့ တစ်ကြိမ်သာ လာ၍ ဒုက္ခ၏ အဆုံးကို ပြုသူ ဖြစ်၏။ သာရိပုတြာ ဤသည်ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှလွတ်သော။ပ။ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်သော ဆဋ္ဌပုဂ္ဂိုလ်တည်း။ (၆)
သာရိပုတြာ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလတို့၌ အပြည့် အစုံကျင့်လေ့ရှိ၏၊ သမာဓိ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏၊ ပညာ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏ (ပညာ မပြည့်စုံသေး)၊ ထိုပုဂ္ဂိုလ်သည် သံယောဇဉ်သုံးပါးတို့၏ ကုန်ခြင်းကြောင့် တစ်ကြိမ်သာ ပဋိသန္ဓေမျိုးစေ့ ရှိသူ (ဧကဗီဇီသောတာပန်) ဖြစ်၏၊ လူ့ဘဝ၌ တစ်ဘဝကိုသာဖြစ်စေ၍ ဒုက္ခ၏ အဆုံးကို ပြုသူ ဖြစ်၏။ သာရိပုတြာ ဤသည်ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှ လွတ်သော။ပ။ ဖရိုဖရဲ ကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်သော သတ္တမပုဂ္ဂိုလ်တည်း။ (၇)
သာရိပုတြာ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလတို့၌ အပြည့် အစုံ ကျင့်လေ့ရှိ၏၊ သမာဓိ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏၊ ပညာ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏ (ပညာ မပြည့်စုံသေး)၊ ထိုပုဂ္ဂိုလ်သည် သံယောဇဉ်သုံးပါးတို့၏ ကုန်ခြင်းကြောင့် တစ်ဘဝမှ တစ်ဘဝသို့ (မြင့်မြတ်သော အမျိုးတစ်မျိုးမှ မြင့်မြတ်သော အမျိုးတစ်မျိုးသို့) ကူးသူ (ကောလံကောလသောတာပန်) ဖြစ်၏၊ နှစ်ဘဝမှ သုံးဘဝတို့ကို ကူးပြောင်း၍ ကျင်လည်ပြီးနောက် ဒုက္ခ၏ အဆုံးကို ပြုသူ ဖြစ်၏။ သာရိပုတြာ ဤသည်ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှ လွတ်သော။ပ။ ဖရိုဖရဲ ကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်သော အဋ္ဌမပုဂ္ဂိုလ်တည်း။ (၈)
သာရိပုတြာ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလတို့၌ အပြည့် အစုံ ကျင့်လေ့ရှိ၏၊ သမာဓိ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏၊ ပညာ၌ အနည်းငယ် ပြုကျင့်လေ့ရှိ၏ (ပညာ မပြည့်စုံသေး)၊ ထိုပုဂ္ဂိုလ်သည် သံယောဇဉ်သုံးပါးတို့၏ ကုန်ခြင်းကြောင့် ခုနစ်ကြိမ် ပဋိသန္ဓေယူခြင်း အတိုင်းအရှည်ရှိသူ (သတ္တက္ခတ္တုပရမသောတာပန်) ဖြစ်၏၊ ခုနစ်ကြိမ် အတိုင်းအရှည် နတ်ပြည် လူ့ပြည်တို့၌ ကူးပြောင်း၍ ကျင်လည်ပြီးနောက် ဒုက္ခ၏ အဆုံးကို ပြုသူ ဖြစ်၏။ သာရိပုတြာ ဤသည်ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှ လွတ်သော၊ တိရစ္ဆာန်ဘဝမှ လွတ်သော၊ ပြိတ္တာဘုံမှ လွတ်သော၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်သော နဝမပုဂ္ဂိုလ်တည်း။ (၉)
သာရိပုတြာ မိုက်ကုန်သော မလိမ္မာကုန်သော သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့သည်ကား အဘယ်သူတို့နည်း၊ အဘယ်သူတို့သည် စွဲလမ်းမှု အကြွင်းအကျန်ရှိသည်ကိုလည်း “စွဲလမ်းမှု အကြွင်း အကျန် ရှိ၏”ဟု သိကုန်လိမ့်မည်နည်း၊ စွဲလမ်းမှု အကြွင်းအကျန် မရှိသည်ကိုလည်း “စွဲလမ်းမှု အကြွင်း အကျန် မရှိ”ဟု သိကုန်လိမ့်မည်နည်း။ သာရိပုတြာ ဤသည်တို့ကား စွဲလမ်းမှု အကြွင်းအကျန်နှင့်တကွ သေလျက် ငရဲမှ လွတ်ကုန်သော၊ တိရစ္ဆာန်ဘဝမှ လွတ်ကုန်သော၊ ပြိတ္တာဘုံမှ လွတ်ကုန်သော၊ ဖရိုဖရဲ ကျရာ အပါယ်ဒုဂ္ဂတိမှ လွတ်ကုန်သော ပုဂ္ဂိုလ်ကိုးမျိုးတို့တည်း။
သာရိပုတြာ ဤတရားဒေသနာတော်ကို ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့အား ငါ မဟောခဲ့ပေ။ ထိုသို့မဟောခဲ့ခြင်းသည် အဘယ့်ကြောင့်နည်း၊ “ဤတရားဒေသနာတော်ကို ကြားနာရ၍ မေ့လျော့ခြင်းကို မဆောင်လာကြပါစေလင့်”ဟု (နှလုံးပြုသောကြောင့်တည်း)။ သာရိပုတြာ စင်စစ်သော်ကား ငါသည် ဤတရားဒေသနာတော်ကို (သင်၏) ပြဿနာအလိုအားဖြင့် ဟောအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။