အင်္ဂုတ္တရနိကာယ်

၂-သီဟနာဒဝဂ်

၇-ကုလသုတ်

၁၇။ ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန် မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။ အဘယ်ကိုးမျိုးတို့နည်းဟူမူ— မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုကုန်၊ မြတ်နိုးသဖြင့် ရှိမခိုးကုန်၊ မြတ်နိုးသဖြင့် နေရာမပေးကုန်၊ ထင်ရှား ရှိသော လှူဖွယ်ဝတ္ထုကို ထိုရဟန်းအား လျှို့ဝှက်ကုန်၏၊ အလှူဝတ္ထုအများအပြားရှိပါလျက်လည်း အနည်းငယ်မျှသာ ပေးလှူကုန်၏၊ မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိလျက်လည်း ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကုန်၏၊ မရိုမသေ ပေးလှူကုန်၏၊ ရိုရိုသေသေ မပေးလှူကုန်၊ တရားနာရန် ချဉ်းကပ်၍ မနေထိုင်ကုန်၊ ထိုရဟန်းဟောသော တရားကို ကောင်းစွာ မနာကုန်။ ရဟန်းတို့ ဤအင်္ဂါ ကိုးမျိုးတို့နှင့်ပြည့်စုံသော ဒါယကာတို့အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန် မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။

ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန်သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် သင့်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ— မြတ်နိုးသဖြင့် ခရီးဦးကြိုဆိုကုန်၏၊ မြတ်နိုးသဖြင့် ရှိခိုးကုန်၏၊ မြတ်နိုးသဖြင့် နေရာပေးကုန်၏၊ ထင်ရှား ရှိသော လှူဖွယ်ဝတ္ထုကို ထိုရဟန်းအား မလျှို့ဝှက်၊ အလှူဝတ္ထုအများအပြားရှိသော် အများအပြား ပေးလှူကုန်၏၊ မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိသော် မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူကုန်၏၊ ရိုရို သေသေ ပေးလှူကုန်၏၊ မရိုမသေ မလှူကုန်၊ တရားနာရန် ချဉ်းကပ်၍ ထိုင်နေကုန်၏၊ ထိုရဟန်း ဟောသော တရားကို ကောင်းစွာ နာကုန်၏။ ရဟန်းတို့ ဤအင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန် သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် သင့်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။