အင်္ဂုတ္တရနိကာယ်

၂-သီဟနာဒဝဂ်

၈-နဝင်္ဂုပေါသထသုတ်

၁၈။ ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏။ ရဟန်းတို့ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဆင်ခြင်၏၊ “ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကို ချထားပြီးဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီးဖြစ်ကုန်၏၊ ရှက်ခြင်းရှိကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဉ့်နှင့် တစ်နေ့ပတ်လုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် တုတ်ကို ချထားလျက် လက်နက်ကို ချထားလျက် ရှက်ခြင်းရှိလျက် သနားလျက် ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေအံ့။ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်၏။ ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။ပ။ “ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေကုန်၏၊ ငါသည်လည်း ဤတစ်ညဉ့်နှင့် တစ်နေ့ပတ်လုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ဖြစ်စေ မြက့်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေပါအံ့။ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်၏။ ဤအဋ္ဌမအင်္ဂါနှင့် ပြည့်စုံ၏။ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခု မြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။ ဤနဝမအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့ ကျင့်သုံးအပ်သော အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဥပုသ် သည် အကျိုးကြီး၏၊ အာနိသင် ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။