အင်္ဂုတ္တရနိကာယ်

၂-သီဟနာဒဝဂ်

၉-ဒေဝတာသုတ်

၁၉။ ရဟန်းတို့ ဤညဉ့်၌ပင် နတ်များစွာတို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်လာကြပြီးနောက် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ရပ်တည်ကြလျက် “အသျှင်ဘုရား ရှေး အခါက လူဖြစ်ကြသူ အကျွန်ုပ်တို့၏ အိမ်တို့သို့ ရဟန်းတို့သည် ချဉ်းကပ်တော်မူကြပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုရဟန်းတို့ကို ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊ ရှိခိုးခြင်းကိုမူကား မပြုခဲ့ကြပါကုန်၊ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် မပြည့်စုံသော အမှုရှိကုန်၍ နှလုံးမသာ နောင်တပူပန်ကာ ယုတ်ညံ့သော ဘုံသို့ ရောက်ကြရပါကုန်၏”ဟု လျှောက်ကြကုန်၏။ အခြားနတ်များစွာတို့ကလည်း ငါ့ထံသို့ ချဉ်းကပ်၍ “အသျှင်ဘုရား ရှေးအခါက လူဖြစ်ကြသူ အကျွန်ုပ်တို့၏ အိမ်တို့သို့ ရဟန်းတို့သည် ချဉ်းကပ်ကြပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုရဟန်းတို့ကို ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊ ရှိခိုးခဲ့ကြပါကုန်၏၊ ထိုရဟန်းတော်တို့အား နေရာကိုမူကား မပေးခဲ့ကြပါကုန်၊ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် မပြည့်စုံသော အမှုရှိကုန်၍ နှလုံးမသာ နောင်တ ပူပန်ကာ ယုတ်ညံ့သော ဘုံသို့ ရောက်ကြရပါကုန်၏”ဟု လျှောက်ကြကုန်၏။ အခြားနတ်များစွာတို့ကလည်း ငါ့ထံသို့ ချဉ်းကပ်၍ “အသျှင်ဘုရား ရှေးအခါက လူဖြစ်ကြသူ အကျွန်ုပ်တို့၏ အိမ်တို့သို့ ရဟန်းတို့သည် ချဉ်းကပ်ကြပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုရဟန်းတို့ကို ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊ ရှိခိုးခဲ့ကြပါကုန်၏၊ နေရာပေးခဲ့ကြပါကုန်၏၊ စွမ်းအားရှိ သလောက် အင်အားရှိသလောက်ကား မဝေဖန် ‘မလှူဒါန်း’ ခဲ့ကြပါကုန်။ပ။ စွမ်းအားရှိသလောက် အင်အား ရှိသလောက် ဝေဖန် ‘လှူဒါန်း’ခဲ့ကြပါကုန်၏၊ တရားနာရန်မူကား ချဉ်းကပ်၍ မထိုင်ခဲ့ကြပါကုန်။ပ။ တရား နာရန် ချဉ်းကပ်၍ ထိုင်ခဲ့ကြပါကုန်၏၊ နားစိုက်၍မူကား တရားကို မနာခဲ့ကြပါကုန်။ပ။ နားစိုက်၍ တရားကို နာခဲ့ကြပါကုန်၏၊ နာကြားပြီး၍မူကား တရားကို ဆောင်မထားခဲ့ကြပါကုန်။ပ။ နာကြားပြီး၍ လည်း တရားကို ဆောင်ထားခဲ့ကြပါကုန်၏၊ ဆောင်ထားပြီး တရားတို့၏ အနက် (အဓိပ္ပါယ်) ကိုမူကား မစူးစမ်းခဲ့ကြပါကုန်။ပ။ ဆောင်ထားပြီးတရားတို့၏ အနက် (အဓိပ္ပါယ်) ကိုလည်း စူးစမ်းခဲ့ကြပါကုန်၏၊ အနက် ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကို မကျင့်ခဲ့ကြပါကုန်။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့ သည် မပြည့်စုံသော အမှုရှိကုန်၍ နှလုံးမသာ နောင်တပူပန်ကာ ယုတ်ညံ့သော ဘုံသို့ ရောက်ကြရပါကုန်၏”ဟု လျှောက်ကြကုန်၏။ အခြားနတ်များစွာတို့ကလည်း ငါ့ထံသို့ ချဉ်းကပ်၍ “အသျှင်ဘုရား ရှေးအခါက လူဖြစ်ကြသူ့အကျွန်ုပ်တို့၏ အိမ်တို့သို့ ရဟန်းတို့သည် ချဉ်းကပ်ကြပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုရဟန်းတို့ကို ခရီးဦးကြိုဆိုခဲ့ကြပါကုန်၏၊ ရှိခိုးခဲ့ကြပါကုန်၏၊ နေရာပေးခဲ့ကြပါကုန်၏၊ စွမ်းအားရှိ သလောက် အင်အားရှိသလောက် ဝေဖန် ‘လှူဒါန်း’ ခဲ့ကြပါကုန်၏၊ တရားနာရန် ချဉ်းကပ်၍ ထိုင်ခဲ့ကြပါကုန်၏၊ နားစိုက်၍လည်း တရားကို နာခဲ့ကြပါကုန်၏၊ နာကြားပြီး၍လည်း တရားကို ဆောင်ထားခဲ့ကြ ပါကုန်၏၊ ဆောင်ထားပြီးတရားတို့၏ အနက် (အဓိပ္ပါယ်) ကိုလည်း စူးစမ်းခဲ့ကြပါကုန်၏၊ အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကိုလည်း ကျင့်ခဲ့ကြပါကုန်၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် ပြည့်စုံသော အမှုရှိကုန်၍ နှလုံးမသာမရှိဘဲ နောင်တတစ်ဖန် မပူပန်ကြဘဲ မြင့်မြတ်သော ဘုံသို့ ရောက်ကြရပါကုန်၏”ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ထိုအရာတို့ကား သစ်ပင်ရင်းတို့တည်း၊ ထိုအရာတို့ကား ဆိတ်ငြိမ်ရာအရပ်တို့တည်း၊ ရဟန်းတို့ (ကိလေသာကို) ရှို့မြိုက်ကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ ထိုရှေးဖြစ်သော နတ်တို့ကဲ့သို့ နောက်မှ နှလုံးမသာသူတို့ မဖြစ်ကြကုန်လင့်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။