အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၂-နိဿယသုတ်

၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော် — “အသျှင်ဘုရား မှီရာနှင့် ပြည့်စုံသူ မှီရာနှင့် ပြည့်စုံသူဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ရဟန်းသည် မှီရာနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း”ဟု လျှောက်၏။ ရဟန်း အကယ်၍ ရဟန်းသည် သဒ္ဓါတရားကို မှီ၍ အကုသိုလ်ကို စွန့်ကာ ကုသိုလ်ကို ပွါးများပါမူ ထိုရဟန်းအား ထိုအကုသိုလ်သည် ပယ်ပြီးသာ ဖြစ်၏။ ရဟန်း အကယ်၍ ရဟန်းသည် ဟိရီကို မှီ၍။ပ။ ရဟန်း အကယ်၍ ရဟန်းသည် သြတ္တပ္ပကို မှီ၍။ပ။ ရဟန်း အကယ်၍ ရဟန်းသည် ဝီရိယကို မှီ၍။ပ။ ရဟန်း အကယ်၍ ရဟန်းသည် ပညာကို မှီ၍ အကုသိုလ်ကို စွန့်ကာ ကုသိုလ်ကို ပွါးများပါမူ ထိုရဟန်း အား ထိုအကုသိုလ်သည် ပယ်ပြီးသာ ဖြစ်၏။ မှန်၏၊ မြတ်သော ပညာဖြင့် ရှု၍ ပယ်အပ်သော ထိုရဟန်း၏ အကုသိုလ်သည် ပယ်ပြီး ဖြစ်၏၊ ကောင်းစွာ ပယ်ပြီး ဖြစ်၏။ ရဟန်း ထိုရဟန်းသည်ကား ဤတရားငါးမျိုးတို့၌ တည်ပြီးလျှင် လေးမျိုးတို့ကို မှီ၍ နေရမည်။ အဘယ်လေးမျိုးတို့နည်းဟူမူ — ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ (မှီဝဲသင့်သည်) ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ (သည်းခံသင့်သည်) ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ (ကြဉ်သင့်သည်) ကို ကြဉ်၏၊ ဆင်ခြင်၍ အချို့ (ပယ်ဖျောက်သင့်သည်) ကို ပယ်ဖျောက်၏။ ရဟန်း ဤနည်းဖြင့် ရဟန်းသည် မှီရာနှင့် ပြည့်စုံသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။