အင်္ဂုတ္တရနိကာယ်

၂-သီဟနာဒဝဂ်

၁ဝ-ဝေလာမသုတ်

၂ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်—

“သူကြွယ် သင်၏ အိမ်၌ အလှူကို ပေးလှူ၏လော”ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ အိမ်၌ အလှူကို ပေးလှူပါ၏၊ ထိုအလှူသည်လည်း ပအုံးရည်လျှင် နှစ်ခွက်မြောက်သော ယုတ်ညံ့သော ဆန်ကွဲထမင်းမျှသာ ဖြစ်ပါသည်ဟု (လျှောက်၏)။

သူကြွယ် ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း မရိုမသေ လှူပါမူ၊ စိတ်မပါဘဲ လှူပါမူ၊ မိမိလက်ဖြင့် (ကိုယ်တိုင်) မဟုတ်ဘဲ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ လှူပါမူ၊ ကံ ကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊ ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နား မထောင်ကုန်၊ သိရန် စိတ်ကို မထားကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ သူကြွယ် မရိုမသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း။

သူကြွယ် ယုတ်ညံ့သည်ဖြစ်စေ မွန်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူ၏၊ ထိုအလှူကိုလည်း ရိုရိုသေသေ လှူပါမူ၊ စိတ်ပါဝင်စားစွာ လှူပါမူ၊ မိမိလက်ဖြင့် (ကိုယ်တိုင်) လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊ ကံကံ၏ အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ အလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊ ထိုအလှူရှင်၏ သားမယား ကျွန် အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) နာခံ လိုကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ကို ထားကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ သူကြွယ် ရိုရိုသေသေ ပြုအပ်ကုန်သော (ကောင်းမှု) ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သော ကြောင့်တည်း။

သူကြွယ် ရှေးက ဖြစ်ဖူးသည်ကား ဝေလာမမည်သော ပုဏ္ဏား (ဟု) ရှိခဲ့ဖူး၏၊ ထိုပုဏ္ဏားသည် ဤမျှကြီးကျယ်သော အလှူကို လှူခဲ့၏၊ ငွေဖြင့်ပြည့်သော ရွှေခွက်ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ရွှေဖြင့်ပြည့်သော ငွေခွက်ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ရတနာခုနစ်ပါးဖြင့် ပြည့်သော ကြေးခွက် ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ရွှေတန်ဆာ ရွှေတံခွန် ရွှေကွန်ရက်ဖုံးလွှမ်းအပ်ကုန်သော ဆင် ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ခြင်္သေ့ရေ ကျားရေ သစ်ရေ ပဏ္ဍုကမ္ဗလာတို့ဖြင့် ခြံရံအပ်ကုန်သော ရွှေတန်ဆာ ရွှေတံခွန် ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သောရထားရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ဘွဲ့ဖြူပုဆိုးခင်းအပ်ကုန်သော ငွေ(နို့ရေခံ) ခွက်ရှိကုန်သော နွားမရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ ပတ္တမြားနားတောင်းဝတ်သော အမျိုးသမီးရှစ်သောင်း လေးထောင်တို့ကို လှူခဲ့၏၊ မွေးရှည် ကော်ဇောကြီး သားမွေးဖြူအခင်း ပန်းပြောက်ခြယ်သားမွေးအခင်းဖြင့် ခင်းအပ်ကုန်သော၊ ဝံပိုင့်ရေ အခင်းမြတ်, (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိကုန်သော ပလ္လင်ရှစ်သောင်းလေးထောင်တို့ကို လှူခဲ့၏၊ သိမ်မွေ့နူးညံ့သော ခေါမမည်သောပုဆိုး သိမ်မွေ့သော ပိုးချည်အဝတ် သိမ်မွေ့သော ဝါချည် အဝတ် ကုဋေရှစ်သောင်း လေးထောင်တို့ကို လှူခဲ့၏၊ ထမင်းခဲဖွယ် စားဖွယ် လျက်ဖွယ် သောက်ဖွယ်ကို လှူခြင်း၌ကား ဆိုဖွယ်မရှိ မြစ်ရေစီးသကဲ့သို့ ထင်ရကုန်၏။ သူကြွယ် “ထိုအခါက ဖြစ်ခဲ့သော ထိုကြီးကျယ်သော အလှူကို လှူခဲ့သော ဝေလာမပုဏ္ဏားဟူသည် အခြားသူဖြစ်တန်ရာ၏”ဟု သင့်အား ဤသို့ အကြံဖြစ်ရာ၏၊ သူကြွယ် ထိုအကြောင်းကို ဤသို့ မမှတ်လင့်၊ ငါသည် ထိုအခါက ဝေလာမပုဏ္ဏား ဖြစ်ခဲ့ဖူး၏၊ ငါသည် ထိုကြီးကျယ်သော အလှူကို လှူခဲ့၏။ သူကြွယ် ထိုအလှူ၌ မြတ်သော အလှူကို ခံထိုက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့၊ တစ်ဦး တစ်ယောက်မျှ မြတ်သော အလှူကို မသုတ်သင်နိုင်ခဲ့။

သူကြွယ် ဝေလာမပုဏ္ဏားသည် အကြင်ကြီးကျယ်သော အလှူကို လှူခဲ့၏။ အကြင်တစ်ဦး တစ်ယောက် သည်ကား အယူပြည့်စုံသူ သောတာပန်တစ်ဦးကို ကျွေးမွေးရာ၏၊ ထိုသောတာပန်တစ်ဦးကို ကျွေးမွေး ရခြင်းသည် ထိုဝေလာမပုဏ္ဏား၏ အလှူကြီးထက် သာ၍ အကျိုးကြီး၏။ အကြင်သူသည် သောတာပန် တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား သကဒါဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊ ဤသကဒါဂါမ် တစ်ဦးကို ကျွေးမွေးရခြင်းသည် ထိုသောတာပန်တစ်ရာကို ကျွေးမွေးရခြင်းထက်သာ၍ အကျိုးကြီး၏။ အကြင်သူသည် သကဒါဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေး ရာ၏။ပ။ အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ရဟန္တာတစ်ပါးကို ကျွေးမွေးရာ၏။ပ။ အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရာ၏။ပ။ အကြင်သူသည် ပစ္စေက ဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊ အကြင် သူသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ကျွေးမွေးရာ၏။ပ။ အကြင်သူသည်ကား မြတ်စွာဘုရားအမှူးရှိသော ရဟန်း သံဃာကို ကျွေးမွေးရာ၏။ပ။ အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်ရာ၏။ပ။ အကြင်သူသည်ကား ကြည်ညိုစိတ်ရှိသဖြင့် ဘုရား တရား သံဃာကို ကိုးကွယ် ရာဟု ဆည်းကပ်ရာ၏။ပ။ အကြင်သူသည်ကား ကြည်ညိုစိတ်ရှိသဖြင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင် ကဉ်မှု၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်မှု၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်မှု (ဟူသော) သိက္ခာပုဒ်တို့ကို ဆောက်တည်ရာ၏။ အကြင်သူသည်ကား အယုတ်သဖြင့် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာစိတ်ကို ပွါးများရာ၏၊ (အကြင်သူသည်ကား လက်ဖျစ်တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို ပွါးများရာ၏၊ ဤလက်ဖျစ်တစ်တွက်ခန့်အချိန်လောက် အနိစ္စသညာကို ပွါးများခြင်းသည် ထိုမေတ္တာပွါးများခြင်းထက်သာ၍ အကျိုးကြီး၏။ သူကြွယ် ဝေလာမပုဏ္ဏားသည် အကြင် အလှူကြီးကို လှူခဲ့၏၊ အကြင်သူသည်ကား အယူပြည့်စုံသူ (သောတာပန်) တစ်ဦးကို ကျွေးမွေးရာ၏၊ အကြင်သူသည် အယူပြည့်စုံသူ (သောတာပန်) တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား သကဒါဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊ အကြင်သူသည် သကဒါဂါမ် တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊ အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ရဟန္တာတစ်ပါးကို ကျွေးမွေးရာ၏၊ အကြင်သူ သည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရာ၏၊ အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ကျွေးမွေး ရာ၏၊ အကြင်သူသည် ဘုရားအမှူးရှိသော သံဃာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား အရပ် လေးမျက်နှာ၌ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်ရာ၏၊ အကြင်သူသည် ကြည်ညိုစိတ်ရှိသဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ရာ၏၊ အကြင်သူသည်ကား ကြည်ညိုစိတ်ရှိသဖြင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်မှုဟူသော သိက္ခာပုဒ်တို့ကို ဆောက်တည်ရာ၏၊ အကြင်သူသည် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာစိတ်ကို ပွါးများရာ၏၊ အကြင်သူသည်ကား လက်ဖျစ်တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို ပွါးများရာ၏၊ ဤလက်ဖျစ်တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို ပွါးများခြင်း သည် ထိုမေတ္တာစိတ်ကို ပွါးများခြင်းထက် သာ၍ အကျိုးကြီး၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် သီဟနာဒဝဂ် ပြီး၏။