အင်္ဂုတ္တရနိကာယ်

၃-သတ္တာဝါသဝဂ်

၃-တဏှာမူလကသုတ်

၂၃။ ရဟန်းတို့ တဏှာအရင်းခံရှိသော တရားကိုးမျိုးတို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန် လော့။ ရဟန်းတို့ တဏှာအရင်းခံရှိသော တရားကိုးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ—

တဏှာကိုစွဲ၍ ရှာမှီးခြင်း (ဖြစ်၏)၊

ရှာမှီးခြင်းကိုစွဲ၍ ရခြင်း (ဖြစ်၏)၊

ရခြင်းကိုစွဲ၍ (ကြံစည်) ဆုံးဖြတ်ခြင်း (ဖြစ်၏)၊

(ကြံစည်) ဆုံးဖြတ်ခြင်းကိုစွဲ၍ ဆန္ဒရာဂ (ဖြစ်၏)၊

ဆန္ဒရာဂကိုစွဲ၍ ငါ ငါ့ဟာဟု အားကြီးသော ဆုံးဖြတ်ခြင်း (ဖြစ်၏)၊

အားကြီးသော ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းဆည်းခြင်း (ဖြစ်၏)၊

သိမ်းဆည်းခြင်းကိုစွဲ၍ ဝန်တိုခြင်း (ဖြစ်၏)၊

ဝန်တိုခြင်းကိုစွဲ၍စောင့်ရှောက်ခြင်း (ဖြစ်၏)၊

စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ကိုင်ခြင်း လက်နက်ကိုင်ခြင်း ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း စကားများခြင်း နင် သင် (ဟု ဆိုခြင်း) ကုန်းတိုက်ခြင်း အမှားပြောခြင်းဟူသော များစွာကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသည်တို့ကား တဏှာအရင်းခံရှိသော တရားကိုးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။