အင်္ဂုတ္တရနိကာယ်

၃-သတ္တာဝါသဝဂ်

၆-သိလာယူပသုတ်

၂၆။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်စန္ဒိကာပုတ္တသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာပေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်စန္ဒိကာပုတ္တသည် ရဟန်းတို့ကို ဤသို့ မိန့်ဆို၏—“ငါ့သျှင်တို့ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် ပွါးများအပ်ပြီး ဖြစ်သောအခါ၌ ထိုရဟန်းအား ‘ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီ’ဟု ငါသိ၏”ဟူသော ဤစကားကို ဆိုခြင်းငှါ သင့်၏ဟု ဤတရားကို ဟော၏ (ဟူ၍ မိန့်ဆို၏ )။

ဤသို့ မိန့်ဆိုလတ်သော် အသျှင်သာရိပုတြာသည် အသျှင်စန္ဒိကာပုတ္တအား ဤစကားကို မိန့်ဆို၏— “ငါ့သျှင်စန္ဒိကာပုတ္တ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် ပွါးများအပ်ပြီး ဖြစ်သောအခါ၌ ထိုရဟန်းအား ‘ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီ’ဟု ငါသိ၏ဟူသော ဤ စကားကို ဆိုခြင်းငှါ သင့်၏ဟု ဤတရားကို ဟောသည် မဟုတ်။ ငါ့သျှင်စန္ဒိကာပုတ္တ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီးဖြစ်သောအခါ၌ ထိုရဟန်းအား ‘ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီ’ဟု ငါသိ၏”ဟူသော ဤစကားကို ဆိုခြင်းငှါ သင့်၏ဟု ဤသို့သာ တရားကို ဟော၏ (ဟူ၍ မိန့်ဆို၏ )။

နှစ်ကြိမ်မြောက်လည်း အသျှင်စန္ဒိကာပုတ္တသည် ရဟန်းတို့အား ဤစကားကို မိန့်ဆို၏— “ငါ့သျှင်တို့ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် ပွါးများအပ်ပြီးဖြစ်သောအခါ၌ ထိုရဟန်းအား ‘ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီ’ဟု ငါသိ၏”ဟူသော ဤစကားကို ဆိုခြင်းငှါ သင့်၏ဟု ဤတရားကို ဟော၏ (ဟူ၍ မိန့်ဆို၏)။

နှစ်ကြိမ်မြောက်လည်း အသျှင်သာရိပုတြာသည် အသျှင်စန္ဒိကာပုတ္တအား ဤစကားကို မိန့်ဆို၏— “ငါ့သျှင်စန္ဒိကာပုတ္တ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် ပွါးများအပ်ပြီး ဖြစ်သော အခါ၌ ထိုရဟန်းအား ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု ငါသိ၏ဟူသော ဤ စကားကို ဆိုခြင်းငှါ သင့်၏ဟု ဤတရားကို ဟောသည် မဟုတ်။ ငါ့သျှင်စန္ဒိကာပုတ္တ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းအား စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီးဖြစ်သော အခါ၌ ထိုရဟန်းအား ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု ငါသိ၏”ဟူသော ဤစကားကို ဆိုခြင်းငှါ့သင့်၏ဟု ဤသို့သာ တရားကို ဟော၏ (ဟူ၍ မိန့်ဆို၏)။

သုံးကြိမ်မြောက်လည်း အသျှင်စန္ဒိကာပုတ္တသည် ရဟန်းတို့အား ဤစကားကို မိန့်ဆို၏—“ငါ့သျှင်တို့ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် ပွါးများအပ်ပြီးဖြစ်သောအခါ၌ ထိုရဟန်း အား ‘ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီ’ဟု ငါသိ၏”ဟူသော ဤစကားကို ဆိုခြင်းငှါ သင့်၏ဟု ဤတရားကို ဟော၏ (ဟူ၍ မိန့်ဆို၏)။

သုံးကြိမ်မြောက်လည်း အသျှင်သာရိပုတြာသည် အသျှင်စန္ဒိကာပုတ္တအား ဤစကားကို မိန့်ဆို၏— “ငါ့သျှင်စန္ဒိကာပုတ္တ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် ပွါးများအပ်ပြီးဖြစ်သောအခါ၌ ထိုရဟန်းအား ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ(မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု ငါသိ၏ဟူသော ဤစကားကို ဆိုခြင်းငှါ သင့်၏ဟု ဤတရားကို ဟောသည် မဟုတ်။ ငါ့သျှင်စန္ဒိကာပုတ္တ ဒေဝဒတ်သည် ရဟန်းတို့အား ငါ့သျှင်တို့ ရဟန်းသည် စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီးဖြစ်သော အခါ၌ ထိုရဟန်းအား ဖြစ်မှု ‘ဇာတိ’ ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (ကိစ္စ) ကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ အခြား (ပြုဖွယ်ကိစ္စ) မရှိတော့ပြီဟု ငါသိ၏”ဟူသော ဤစကားကို ဆိုခြင်းငှါ သင့်၏ဟု ဤသို့ သာ တရားကို ဟော၏။ ငါ့သျှင် အဘယ်သို့လျှင် ရဟန်းသည် စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီးဖြစ်သနည်းဟူမူ— “ငါ၏ စိတ်သည် ရာဂကင်း၏”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် ဒေါသကင်း၏”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် မောဟကင်း၏”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် ရာဂနှင့်တကွ ဖြစ်ခြင်းသဘော မရှိ”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် ဒေါသနှင့်တကွဖြစ်ခြင်းသဘော မရှိ”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် မောဟနှင့်တကွဖြစ်ခြင်းသဘော မရှိ”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် ကာမဘဝအလို့ငှါ ပြန်လည်ခြင်းသဘော မရှိ”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများ အပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် ရူပဘဝအလို့ငှါ ပြန်လည်ခြင်း သဘော မရှိ”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ “ငါ၏ စိတ်သည် အရူပဘဝအလို့ငှါ ပြန်လည်ခြင်းသဘော မရှိ”ဟု စိတ်ဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။ ငါ့သျှင် ဤသို့ ကောင်းစွာ လွန်မြောက်သော စိတ်ရှိသော ရဟန်းအား လွန်ကဲကုန်သော မျက်စိဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် မျက်စိအား ထင်ခြင်းသို့ ရောက်လာကြစေကာမူ ထိုရဟန်း၏ စိတ်ကို (ထိုရူပါရုံတို့သည်) မလွှမ်းမိုးနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည် မရောနှောသည်သာ ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏၊ ထိုရူပါရုံ၏ အပျက်ကိုသာ ရှု၏။ ငါ့သျှင် ဥပမာသော်ကား မြေဝင်ရှစ်တောင် မြေပေါ်ရှစ်တောင်အားဖြင့် တစ်ဆယ့်ခြောက် တောင်ရှိသော ကျောက်တိုင်သည် ရှိရာ၏၊ ထိုအခါ အရှေ့အရပ်မှ ပြင်းစွာသော လေပြင်းမုန်တိုင်း လာစေကာမူ ထိုကျောက်တိုင်ကို မလှုပ်စေနိုင်ရာ၊ ပြင်းစွာ မလှုပ်စေနိုင်ရာ၊ ထို့ပြင် အနောက်အရပ်။ ထို့ပြင် မြောက်အရပ်။ ထို့ပြင် တောင်အရပ်မှ ပြင်းစွာသော လေပြင်းမုန်တိုင်းလာစေကာမူ ထိုကျောက်တိုင်ကို မလှုပ်စေနိုင်ရာ၊ ပြင်းစွာ မလှုပ်စေနိုင်ရာ၊ ထိုသို့ မလှုပ်စေနိုင်ခြင်းသည် အဘယ့်ကြောင့်နည်း။ ငါ့သျှင် မြေဝင်နက်သည်၏အဖြစ် ကျောက်တိုင်ကို ကောင်းစွာ စိုက်အပ်သည်၏ အဖြစ်ကြောင့်တည်း။ ငါ့သျှင် ဤအတူ ကောင်းစွာ လွန်မြောက်သော စိတ်ရှိသော ရဟန်းအား လွန်ကဲကုန်သော မျက်စိဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် မျက်စိအား ထင်ခြင်းသို့ ရောက်လာကြစေကာမူ ထိုရဟန်း၏ စိတ်ကို (ထိုရူပါရုံတို့ သည်) မလွှမ်းမိုးနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည် မရောနှောသည်သာ ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ့်ခြင်းသို့ ရောက်၏၊ ထိုရူပါရုံ၏ အပျက်ကိုသာ ရှု၏။ လွန်ကဲကုန်သော နားဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည်။ နှာခေါင်းဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ လျှာဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကိုယ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ စိတ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့သည် စိတ်အား ထင်ခြင်းသို့ ရောက်လာကြစေကာမူ ထိုရဟန်း၏ စိတ်ကို (ထိုဓမ္မာရုံတို့သည်) မလွှမ်းမိုးနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည် မရောနှောသည်သာ ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏၊ ထိုဓမ္မာရုံ၏ အပျက်ကိုသာ ရှု၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။