အင်္ဂုတ္တရနိကာယ်

၃-သတ္တာဝါသဝဂ်

၇-ပဌမ ဝေရသုတ်

၂၇။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—သူကြွယ် အကြင် အခါ၌ အရိယာတပည့်အား ဘေးရန်ငါးမျိုးတို့သည် ငြိမ်းအေးကုန်၏၊ သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်လည်း ပြည့်စုံ၏၊ ထိုအခါ ထိုအရိယာတပည့်သည် (ပြောဆိုခြင်းငှါ) အလိုရှိခဲ့မူ (ငါသည်) “ငရဲ ကုန်ပြီးသူ၊ တိရ စ္ဆာန်ဘဝ ကုန်ပြီးသူ၊ ပြိတ္တာဘဝ ကုန်ပြီးသူ၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိကုန်ပြီးသူ ဖြစ်၏၊ ငါသည် သောတာပန် ဖြစ်၏၊ ဖရိုဖရဲကျခြင်းသဘော မရှိ၊ မြဲ၏၊ သမ္ဗောဓိ (အထက်မဂ်) ဉာဏ်လျှင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင် မိမိကိုယ်ကို ပြောဆိုနိုင်၏။ အဘယ်ဘေးရန်ငါးမျိုးတို့ ငြိမ်းကုန်သနည်းဟူမူ—သူကြွယ် သူ့အသက်သတ်သူသည် သူ့အသက် သတ်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်လည်း ပွါး၏၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်လည်း ပွါး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်လည်း မပွါး၊ တမလွန် ဘဝ၌ ဖြစ်သော ဘေးရန်လည်း မပွါး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား ဤသို့လျှင် ထိုဘေးရန်သည် ငြိမ်းအေး၏၊ သူကြွယ် အရှင် မပေးအပ်သော ဥစ္စာကို ယူသူသည်။ပ။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်သူသည်။ မဟုတ်မမှန် ပြောသူသည်။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်သူသည် ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန် လည်း ပွါး၏၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်လည်း ပွါး၏၊ စိတ်၌ဖြစ်သော ဆင်းရဲခြင်း နှလုံး မသာခြင်းကိုလည်း ခံစားရ၏။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်မှ ရှောင်ကြဉ်သူအား မျက် မှောက်ဘဝ၌ ဖြစ်သော ဘေးရန်လည်း မပွါး၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်လည်း မပွါး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်မှ ရှောင်ကြဉ်သူအား ဤသို့လျှင် ထိုဘေးရန်သည် ငြိမ်းအေး၏။ ဤဘေးရန်ငါးမျိုးတို့သည် ငြိမ်းအေးကုန်၏။ အဘယ်မည်သော သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသနည်းဟူမူ—သူကြွယ် ဤသာသနာ တော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံ၏—“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (ယုံကြည်၏)။

တရား၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံ၏ —“မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါ ပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု (ယုံကြည်၏)။

သံဃာ၌ သက်ဝင်ယုံကြည်မှုနှင့်ပြည့်စုံ၏—“မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူသော အလှူကို ခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု (ယုံကြည်၏)။

မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန်အဖြစ်မှလွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ တည်ကြည်မှု ‘သမာဓိ’ ကိုဖြစ်စေ တတ်ကုန်သော၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ဤသောတာပတ္တိအင်္ဂါ လေးမျိုးတို့နှင့် ပြည့်စုံ၏။ သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ဤဘေးရန်ငါးမျိုးတို့သည် ငြိမ်းအေးကုန်၏၊ ဤသောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်လည်း ပြည့်စုံ၏။ ထိုအခါ ထိုအရိယာတပည့်သည် (ပြောဆိုခြင်းငှါ) အလိုရှိခဲ့မူ (ငါသည်) “ငရဲ ကုန်ပြီးသူ၊ တိရ စ္ဆာန်ဘဝ ကုန်ပြီးသူ၊ ပြိတ္တာဘဝ ကုန်ပြီးသူ၊ ဖရိုဖရဲကျရာ အပါယ်ဒုဂ္ဂတိကုန်ပြီးသူဖြစ်၏၊ ငါသည် သောတာပန် ဖြစ်၏၊ ဖရိုဖရဲကျခြင်းသဘော မရှိ၊ မြဲ၏၊ သမ္ဗောဓိ (အထက်မဂ်) ဉာဏ်လျှင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင် မိမိကိုယ်ကို ပြောဆိုနိုင်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။