အင်္ဂုတ္တရနိကာယ်

၃-သတ္တာဝါသဝဂ်

၈-ဒုတိယ ဝေရသုတ်

၂၈။ ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်အား ဘေးရန်ငါးမျိုးတို့သည် ငြိမ်းအေးကုန်၏၊ သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့်လည်း ပြည့်စုံ၏။ ထိုအခါ ထိုအရိယာတပည့်သည် (ပြောဆိုခြင်းငှါ) အလိုရှိခဲ့မူ (ငါသည်) “ငရဲ ကုန်ပြီးသူ၊ တိရ စ္ဆာန်ဘဝ ကုန်ပြီးသူ၊ ပြိတ္တာဘဝ ကုန်ပြီးသူ၊ ဖရိုဖရဲကျရာ အပါယ် ဒုဂ္ဂတိကုန်ပြီးသူ ဖြစ်၏၊ ငါသည် သောတာပန် ဖြစ်၏၊ ဖရိုဖရဲကျခြင်း သဘောမရှိ၊ မြဲ၏၊ သမ္ဗောဓိ (အထက်မဂ်) ဉာဏ်လျှင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင် မိမိကိုယ်ကို ပြောဆိုနိုင်၏။ အဘယ်ဘေးရန်ငါးမျိုးတို့ ငြိမ်းအေးကုန်သနည်းဟူမူ— ရဟန်းတို့ သူ့အသက်သတ်သူသည် သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်လည်း ပွါး၏၊ တမလွန် ဘဝ၌ ဖြစ်သော ဘေးရန်လည်း ပွါး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစား ရ၏။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား။ပ။ ဤသို့လျှင် ထိုဘေးရန်သည် ငြိမ်းအေး၏။ ရဟန်းတို့ အရှင်မပေးအပ်သော ဥစ္စာကို ယူသူသည်။ပ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်သူသည် ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်လည်း ပွါး၏၊ တမလွန်ဘဝ၌ဖြစ်သော ဘေးရန်လည်း ပွါး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်မှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်လည်း မပွါး၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန် လည်း မပွါး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ။ ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေအရက်မှ ရှောင်ကြဉ်သူအား ဤသို့လျှင် ထိုဘေးရန်သည် ငြိမ်းအေး၏။ ဤဘေးရန် ငါးမျိုးတို့သည် ငြိမ်းအေးကုန်၏။ အဘယ်သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသနည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “ထိုမြတ်စွာဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည် တော်မူ၏”ဟု မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံ၏။ တရား၌။ပ။ သံဃာ၌။ပ။ မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာ ကျွန်အဖြစ်မှ လွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်း အပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ တည်ကြည်မှု ‘သမာဓိ’ ကိုဖြစ်စေတတ်ကုန်သော၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏၊ ဤသောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံ၏။ ရဟန်း အကြင်အခါ၌ အရိယာတပည့်အား ဤဘေးရန်ငါးမျိုးတို့သည် ငြိမ်းအေးကုန်၏၊ ဤ သောတာပတ္တိအင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံ၏။ ထိုအခါ ထိုအရိယာတပည့်သည် (ပြောဆိုခြင်းငှါ) အလိုရှိခဲ့မူ (ငါသည်) “ငရဲ ကုန်ပြီးသူ၊ တိရ စ္ဆာန်ဘဝ ကုန်ပြီးသူ၊ ပြိတ္တာဘဝ ကုန်ပြီးသူ၊ ဖရိုဖရဲကျရာ အပါယ် ဒုဂ္ဂတိကုန်ပြီးသူ ဖြစ်၏၊ ငါသည် သောတာပန် ဖြစ်၏၊ ဖရိုဖရဲကျခြင်းသဘော မရှိ၊ မြဲ၏၊ သမ္ဗောဓိ (အထက်မဂ်) ဉာဏ်လျှင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင် မိမိကိုယ်ကို ပြောဆိုနိုင်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။