အင်္ဂုတ္တရနိကာယ်

၁-သမ္ဗောဓိဝဂ်

၃-မေဃိယသုတ်

၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စာလိကာမြို့ စာလိကာတောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မေဃိယသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၏၊ ထိုအခါ အသျှင်မေဃိယ သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရား အား “အသျှင်ဘုရား အကျွန်ုပ်သည် ဇန္တုရွာသို့ ဆွမ်းခံဝင်ရန် အလိုရှိပါ၏”ဟု ဤစကားကို လျှောက်၏။ မေဃိယ သင်သည် ယခုသွားရန် အခါကို သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်သည်)ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မေဃိယသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ဇန္တုရွာသို့ ဆွမ်းခံဝင်၏၊ ဇန္တုရွာ၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးနောက် ဆွမ်းစားပြီး၍ ဆွမ်းခံရာမှ ဖဲခွါပြီးသော် ကိမိကာဠာမြစ်ကမ်းသို့ ချဉ်းကပ်လေ၏။ အသျှင်မေဃိယသည် ကိမိကာဠာမြစ်ကမ်း၌ ခြေညောင်းဖြေ စင်္ကြံသွားလတ်သော် (လမ်းလျှောက်) လှည့်လည်လတ်သော် ကြည်နူးဖွယ်ရှိသော မွေ့လျော်ဖွယ်ကောင်းသော သရက်တော (ဥယျာဉ်) ကို မြင်လေ၏၊ မြင်ပြီးနောက် ထိုအသျှင်မေဃိယ အား “ဤသရက်တောသည် ကြည်နူးဖွယ် ရှိစွတကား၊ မွေ့လျော်ဖွယ် ကောင်းစွတကား၊ ဤသရက် တောသည် ကမ္မဋ္ဌာန်းအားထုတ်လိုသူအား ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်စွတကား၊ အကယ်၍ မြတ်စွာဘုရားသည် ငါ့ကို ခွင့်ပြုပါမူ ငါသည် ဤသရက်တောသို့ ကမ္မဋ္ဌာန်း အားထုတ်ရန် လာလို၏”ဟု ဤအကြံသည် ဖြစ်၏။ ထိုနောက် အသျှင်မေဃိယသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌့ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ဇန္တုရွာသို့ ဆွမ်းအလို့ငှာ ဝင်ခဲ့ပါ၏၊ ဇန္တုရွာ၌ ဆွမ်းအလို့ငှါ လှည့်လည် ပြီးနောက် ဆွမ်းစားပြီး၍ ဆွမ်းခံရာမှ ဖဲခွါပြီးသော် ကိမိကာဠာမြစ်ကမ်းသို့ ချဉ်းကပ်ခဲ့ပါ၏၊ အကျွန်ုပ် သည် ကိမိကာဠာမြစ်ကမ်း၌ ခြေညောင်းဖြေ စင်္ကြံသွားလတ်သော် (လမ်းလျှောက်) လှည့်လည်လတ်သော် ကြည်နူးဖွယ်ရှိသော မွေ့လျော်ဖွယ်ကောင်းသော သရက်တောကို မြင်ခဲ့ပါ၏၊ မြင်ပြီးသော် အကျွန်ုပ်အား ‘ဤသရက်တောသည် ကြည်နူးဖွယ်ရှိစွတကား၊ မွေ့လျော်ဖွယ် ကောင်းစွတကား၊ ဤသရက်တောသည် ကမ္မဋ္ဌာန်းအားထုတ်လိုသူအား ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်စွတကား၊ အကယ်၍ မြတ်စွာဘုရားသည် ငါ့ကို ခွင့်ပြုပါမူ ငါသည် ဤသရက်တောသို့ ကမ္မဋ္ဌာန်းအားထုတ်ရန် လာလို၏”ဟု အကြံဖြစ်ပါ၏၊ အကယ်၍ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ခွင့်ပြုငြားအံ့၊ အကျွန်ုပ်သည် ထိုသရက်တောသို့ ကမ္မဋ္ဌာန်း အားထုတ်ရန် သွားလိုပါ၏”ဟု လျှောက်၏။ မေဃိယ ငါသည် တစ်ပါးတည်းသာ ဖြစ်သေး၏၊ အခြား (အလုပ်အကျွေး) ရဟန်းတစ်ဦး တစ်ယောက် မလာရောက်သေးသမျှ ဆိုင်းလင့်ဦးလော့ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း အသျှင်မေဃိယသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားအား အထက်၌ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပါ၊ ပြုအပ်ပြီးကိုလည်း တစ်ဖန် ဆည်းပူးမှု (ပွါးမှု) မရှိ တော့ပါ၊ အသျှင်ဘုရား အကျွန်ုပ်အားမူ အထက်၌ ပြုဖွယ်ကိစ္စ ရှိပါသေး၏၊ ပြုအပ်ပြီးကိုလည်း တစ်ဖန် ဆည်းပူးမှု (ပွါးမှု) ရှိပါသေး၏၊ အကယ်၍ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ခွင့်ပြုပါမူ အကျွန်ုပ်သည် ထိုသရက်တောသို့ ကမ္မဋ္ဌာန်း အားထုတ်ရန် သွားလိုပါ၏”ဟု လျှောက်၏။ မေဃိယ ငါသည် တစ်ပါးတည်းသာ ဖြစ်သေး၏၊ အခြား (အလုပ်အကျွေး) ရဟန်း တစ်ဦး တစ်ယောက် မလာရောက်သေးသမျှ ဆိုင်းလင့်ဦးလော့ဟု (မိန့်တော်မူ၏)။

သုံးကြိမ်မြောက်လည်း အသျှင်မေဃိသည် မြတ်စွာဘုရားအား”အသျှင်ဘုရား မြတ်စွာဘုရားအား အထက်၌ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပါ၊ ပြုအပ်ပြီးကိုလည်း တစ်ဖန် ဆည်းပူးမှု (ပွါးမှု) မရှိ တော့ပါ၊ အသျှင်ဘုရား အကျွန်ုပ်အားမူ အထက်၌ ပြုဖွယ်ကိစ္စ ရှိပါသေး၏၊ ပြုအပ်ပြီးကိုလည်း တစ်ဖန် ဆည်းပူးမှု (ပွါးမှု) ရှိပါသေး၏၊ အကယ်၍ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ခွင့်ပြုပါမူ အကျွန်ုပ်သည် ထိုသရက်တောသို့ ကမ္မဋ္ဌာန်းအားထုတ်ရန် သွားလိုပါ၏”ဟု လျှောက်၏။ မေဃိယ ကမ္မဋ္ဌာန်းအားထုတ်ရန်ဟု ဆိုသော သင့်ကို (ငါတို့) အဘယ်သို့ ဆိုကုန်မည်နည်း၊ မေဃိယ သင်သည် ယခုသွားရန် အခါကို သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်သည်)ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မေဃိယသည် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ထိုသရက် တောသို့ ချဉ်းကပ်ပြီးလျှင် ထိုသရက်တောသို့ သက်ဝင်၍ သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်ရန် ထိုင်နေ၏။ ထိုအခါ ထိုသရက်တော၌ နေသော အသျှင်မေဃိယအား များသောအားဖြင့် ကာမဝိတက် ‘ကာမဂုဏ်ကို ကြံစည်မှု’၊ ဗျာပါဒဝိတက် ‘ပျက်စီးစေရန် ကြံစည်မှု’၊ ဝိဟိံ သာဝိတက် ‘နှိပ်စက်ရန် ကြံစည်မှု’ဟူသော ယုတ်ညံ့ကုန်သော ဤအကုသိုလ်ဝိတက် သုံးမျိုးတို့သည် ဖြစ်ပေါ်ကုန်၏။ ထိုအခါ အသျှင်မေဃိယအား “အချင်းတို့ အံ့သြဖွယ် ဖြစ်ပေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ငါသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုခဲ့ပါ၏၊ ထိုသို့ ဖြစ်ပါလျက် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံ သာဝိတက်ဟူသော ယုတ်ညံ့ကုန်သော ဤအကုသိုလ်ဝိတက်သုံးမျိုးတို့သည် အစဉ် ကပ်ငြိကုန်၏”ဟု အကြံသည် ဖြစ်၏။ ထိုအခါ အသျှင်မေဃိယသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏ — အသျှင်ဘုရား ဤသရက်တော၌ နေသော အကျွန်ုပ်အား များသောအားဖြင့် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံ သာဝိတက်ဟူသော ယုတ်ညံ့သော ဤအကုသိုလ် ဝိတက်သုံးမျိုးတို့သည် ဖြစ်ပေါ်ပါကုန်၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “အချင်းတို့ အံ့သြဖွယ် ဖြစ်ပေစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ငါသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်း ဘောင်၌ ရဟန်းပြုခဲ့ပါ၏။ ထိုသို့ဖြစ်ပါလျက် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံ သာဝိတက်ဟူသော ယုတ်ညံ့သော ဤအကုသိုလ်ဝိတက် သုံးမျိုးတို့သည် အစဉ်ကပ်ငြိကုန်၏”ဟု ဤအကြံဖြစ်ပါ၏ဟု (လျှောက်၏)။

မေဃိယ တရားငါးမျိုးတို့သည် မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု ‘စေတောဝိမုတ္တိကို’ ရင့်ကျက်စေရန် ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ — မေဃိယ ဤသာသနာ တော်၌ ရဟန်းသည် မိတ်ဆွေကောင်းရှိ၏၊ အဖော်ကောင်းရှိ၏၊ ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိ၏။ မေဃိယ ဤသည်ကား မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု ‘စေတောဝိမုတ္တိ’ကို ရင့်ကျက်စေရန် ပဌမ တရားဖြစ်၏။ မေဃိယ နောက်တစ်မျိုးကား ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရ သီလကိုစောင့်လျက်နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ မေဃိယ ဤသည်ကား မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု ‘စေတောဝိမုတ္တိ’ကို ရင့်ကျက်စေရန် ဒုတိယတရားဖြစ်၏။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ကို ဖွင့်ခြင်း အား လျောက်ပတ်သော အလိုနည်းမှုနှင့်စပ်သော စကား၊ ရောင့်ရဲလွယ်မှုနှင့်စပ်သော စကား၊ ကင်းဆိတ်မှုနှင့် စပ်သော စကား၊ မရောနှောမှုနှင့်စပ်သော စကား၊ ဝီရိယကိုအားထုတ်မှုနှင့်စပ်သော စကား၊ သီလနှင့်စပ်သော စကား၊ သမာဓိနှင့်စပ်သော စကား၊ ပညာနှင့်စပ်သော စကား၊ ဝိမုတ္တိ ‘အရဟတ္တဖိုလ်’နှင့်စပ်သော စကား၊ ဝိမုတ္တိဉာဏဒဿန ‘အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာ ဉာဏ်အမြင်’ နှင့်စပ်သော စကားဟူသော ဤသို့သဘောရှိသော စကားကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။ မေဃိယ ဤသည်ကား မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု ‘စေတောဝိမုတ္တိ’ကို ရင့်ကျက်စေရန် တတိယတရားဖြစ်၏။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် အားအစွမ်းရှိသည် မြဲမြံသော အားထုတ်မှုရှိသည် ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချမထားသည် ဖြစ်၍ နေ၏။ မေဃိယ ဤသည်ကား မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု ‘စေတောဝိမုတ္တိ’ကို ရင့်ကျက်စေရန် စတုတ္ထတရား ဖြစ်၏။ မေဃိယ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိတတ်သော၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော၊ ဒုက္ခကုန်ရာ (နိဗ္ဗာန်) သို့ ကောင်းစွာ ရောက်ကြောင်း ဖြစ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ မေဃိယ ဤကား မရင့်ကျက်သေးသော စိတ်၏ ကိလေသာမှ လွတ်မြောက်မှု ‘စေတောဝိမုတ္တိ’ကို ရင့်ကျက်စေရန် ပဉ္စမတရား ဖြစ်၏။ မေဃိယ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းသည် “သီလရှိသူ ဖြစ်လိမ့်မည်။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်လိမ့်မည်”ဟူသော ဤ အဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ မေဃိယ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းသည် “(ကိလေသာကို) ခေါင်းပါးစေတတ်သော၊ (သမထဝိပဿနာ) စိတ်ကို ဖွင့်ရန် လျောက်ပတ်သော အလိုနည်းမှုနှင့်စပ်သော စကား။ပ။ ဝိမုတ္တိဉာဏဒဿန ‘အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင်’ နှင့်စပ်သော စကား၊ ဤသို့ သဘောရှိသော စကားကို အလိုရှိတိုင်း ရလိမ့်မည်၊ မငြိုမငြင် ရလိမ့်မည်၊ မပင်မပန်းရလိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့် အပ်၏။ မေဃိယ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းသည် “ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေလိမ့်မည်။ပ။ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချ မထားသည် ဖြစ်၍ နေလိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ မေဃိယ မိတ်ဆွေကောင်းရှိသော အဖော်ကောင်းရှိသော ကိုင်းညွတ်ရာ ပုဂ္ဂိုလ်ကောင်းရှိသော ရဟန်းသည် “ပညာရှိသူ။ပ။ ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံသူ ဖြစ်လိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ မေဃိယ ထိုရဟန်းသည်ကား ဤ (ဆိုခဲ့ပြီး) တရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရား လေးမျိုးတို့ကို ပွါးများရမည်။ ရာဂကို ပယ်ရန် အသုဘကို ပွါးများရမည်၊ ဗျာပါဒကို ပယ်ရန် မေတ္တာကို ပွါးများရမည်၊ ဝိတက်ကို ဖြတ်ရန် အာနာပါနဿတိကို ပွါးများရမည်၊ ငါဖြစ်၏ဟူသော ‘အသ္မိမာန’ ကို ပယ်ရန် အနိစ္စသညာကို ပွါးများရမည်။

မေဃိယ အနိစ္စသညာရှိသော ရဟန်းအား အနတ္တသညာသည် တည်၏၊ အနတ္တသညာရှိသော ရဟန်းသည် ငါဖြစ်၏ဟူသော ‘အသ္မိမာန’ ကင်းပြတ်၍ မျက်မှောက်ဘဝ၌ပင် နိဗ္ဗာန်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။