အင်္ဂုတ္တရနိကာယ်

၃-သတ္တာဝါသဝဂ်

၁၁-အနုပုဗ္ဗနိရောဓသုတ်

၃၁။ ရဟန်းတို့ အစဉ်အတိုင်း ချုပ်ခြင်းတို့သည် ဤကိုးမျိုးတို့တည်း။ အဘယ်ကိုးမျိုးတို့နည်းဟူမူ— ပဌမဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏၊ ဒုတိယဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်ဝိစာရတို့သည် ချုပ်ကုန်၏၊ တတိယဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား နှစ်သိမ့်မှု ‘ပီတိ’ သည် ချုပ်၏၊ စတုတ္ထဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ထွက်သက်ဝင်သက်တို့သည် ချုပ်ကုန်၏၊ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ရူပသညာသည် ချုပ်၏၊ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားသောပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသညာသည် ချုပ်၏၊ အာကိဉ္စညာယတနဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်၏၊ နေဝသညာနာသညာယတနဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်၏၊ သညာ ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားသောပုဂ္ဂိုလ်အား သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း ချုပ်၏။ ရဟန်းတို့ အစဉ် အတိုင်း ချုပ်ခြင်းတို့သည် ဤကိုးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

သုံးခုမြောက် သတ္တာဝါသဝဂ် ပြီး၏။